Wednesday, August 7, 2019

ရေနံချောင်း အဓိကရုဏ်းမှ ၃ ဦး သေဆုံးမှုကို လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်

ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းရွာနှင့်ကန်သာရွာအဓိကရုဏ်းမှ သေဆုံးခဲ့သူများအနက် ၃ ဦးကို သေမှုသေခင်းဖွင့်ထားရာမှ ဆေးစာဖော်ပြချက်အရ သြဂုတ် ၇ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က လူသတ်မှုပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း လက်မှတ်ကုန်း နယ်မြေရဲစခန်းထံမှ သိရှိရသည်။
ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းများမှ ဖရဲကျွန်းကျေးရွာသား ခင်မောင်ဆန်း (ခ) မာဒီးနှင့် ကိုကျော်ကျော်တို့၏ ဆေးစာပြန်ကြားချက်တွင် တုံးသောလက်နက်သာမန်ဒဏ်ရာ ရေနစ်သေဆုံးခြင်း၊ နေဝင်းအောင်တွင် တုံးသောလက်နက် ပြင်းထန်ဒဏ်ရာ ရေနစ်သေဆုံးခြင်းဟု ပါရှိကြောင်း ယင်းမြို့လက်မှတ်ကုန်းနယ်မြေစခန်းထံမှ သိရှိရသည်။

ဆေးစာအရ ၎င်းတို့သုံးဦးကိုဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သူကို စုံစမ်းဖော်ထုတ်အရေးယူပေးနိုင်ရန် သေမှုသေခင်းအမှတ်စဉ် ၇၊ ၁၀၊ ၁၇/၂၀၁၉ အမှုမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ၁၁၄ တို့ဖြင့် အဆိုပါရဲစခန်းမှူး ရဲအုပ်မိုးညိုက တရားလိုပြုလုပ်ကာ ပြောင်းလဲအမှုဖွင့်ထားခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

ဇူလိုင်လ ၂၃ ရက်က ယင်းကျေးရွာနှစ်ရွာ မြေနုကျွန်းနယ်နိမိတ် အငြင်းပွားအဓိကရုဏ်းကြောင့် ဖရဲကျွန်းကျေးရွာသား ၄၀ ဦး မြစ်အတွင်းပျောက်ဆုံးခဲ့သည့်အနက် အသက်ရှင်လျက် နှစ်ဦးနှင့် အလောင်း ၂၈ လောင်း ပြန်လည်တွေ့ရှိခဲ့ပြီး ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

The Voice

0 comments:

Post a Comment