Thursday, August 8, 2019

တောင်ပြုန်းပွဲသွားရာလမ်းတစ်လျှောက် သင်္ကန်းဝတ်များ အလှူခံပါက အရေးယူမည်

တောင်ပြုန်းပွဲတော် ကျင်းပသည့်ကာလအတွင်း တောင်ပြုန်းကျေးရွာ အဝင်နှင့် ပွဲတော်သို့သွားရာလမ်းတစ်လျှောက်၌ ရိုးရာတစ်ခုသဖွယ် ပွဲတော်လာသူများထံမှ အလှူခံကြလေ့ရှိရာတွင် ယင်းသို့ တောင်းရမ်းသူများအနက် သင်္ကန်းဝတ်ထားသည့် ကိုရင်များနှင့် သီလရှင်များ ပါလာပါက အရေးယူမည်ဖြစ်ကြောင်း မတ္တရာမြို့နယ်၊ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယခုနှစ်တောင်ပြုန်းပွဲတော်ကို ဩဂုတ်လ ၈ ရက်နေ့၌ စတင်ကျင်းပပြီး လက်ရှိအချိန်တွင်လည်း ပွဲတော်တွင် ဈေးရောင်းမည့် ဈေးသည်များ စည်ကားနေပြီဖြစ်သည့်အပြင် ပွဲတော်မတိုင်ခင်ကပင် လာရောက်လည်ပတ်သူများရှိနေပြီဖြစ်သည်။

နှစ်စဉ် ကျင်းပလေ့ရှိသည့် တောင်ပြုန်းပွဲတော်သို့ လာရောက်သူများထံမှ ဒေသခံကလေး၊ လူကြီးမရွေး အလှူခံကြသည့်ဖြစ်စဉ်သည် ယင်းဒေသတွင် ဓလေ့တစ်ခုအသွင်ဖြစ်လာနေပြီး မန္တလေး၊ မတ္တရာသွားကားလမ်းနှင့် တောင်ပြုန်းကျေးရွာသွားလမ်းဆုံနေရာမှ စတင်ကာ ပွဲတော်အဝင်အထိ ယင်းသို့တောင်းရမ်းသူများ လမ်းတစ်လျှောက်လုံး ရှိနေလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“အဓိကကတော့ ကိုရင်တွေ၊ သီလရှင်တွေကို သင်္ကန်းရုံထားတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် မလုပ်ကြဖို့ မနေ့က ခေါ် သတိပေးတယ်။ ဒီမှာကယာဉ်တွေကလည်းများတော့ ယာဉ်အန္တရာယ်လည်း ရှိတယ်။ ဩဂုတ်လ ၆ ရက်နေ့က ခေါ်သတိပေးတဲ့အချိန်မှာ လူတွေလည်းပါတယ်။ နောက်တစ်ခါထပ်လုပ်ရင် အရေးယူမယ်ဆိုပြီး သတိပေးထားရတယ်”ဟု မတ္တရာ မြို့မရဲစခန်းမှ ရဲအုပ်စိုးမင်းလတ်က ပြော ဆိုသည်။

ပွဲတော်ကာလအတွင်း တောင်းရမ်းစားသောက်ခြင်းမပြုရန်၊ ယာဉ်အန္တရာယ်မဖြစ်စေရန်နှင့် သာသနာကိုအကြောင်းပြုပြီး တောင်းရမ်းစားသောက်ခြင်းမပြုလုပ်ရန် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်စည်းကမ်းထိန်းသိမ်းရေး ဆရာတော် ဦးသောမာစာရ (လွင်သာအောင် ကျောင်းတိုက်)က သင်္ကန်းဝတ် ကိုရင် ၈ ပါးကို လူဝတ်လဲစေကာ နောက်ထပ် တောင်းရမ်းစားသောက်ခြင်းမပြုလုပ်ရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဟု ခံဝန်လက်မှတ် ရေးထိုးစေခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

“ကိုရင်ဝတ်တွေပါ တောင်းလာတော့ သာသနာအတွက်မကောင်းဘူး၊ တောင်ပြုန်းပွဲက အနယ်နယ် အရပ်ရပ်က လာကြတယ်။ နိုင်ငံခြားသားတွေ ပါလာကြတဲ့အတွက် ဒါတွေကမြင်မကောင်းဘူး။ တာဝန်ရှိသူတွေက ဒါကို ထိန်းသိမ်းသင့်တာပါ”ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
The Voice

0 comments:

Post a Comment