Thursday, August 8, 2019

ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်များတွင် လွှတ်တော်ရွေးကောက်ပွဲ ကျင်းပမည်

အထူးအဆင့်အတန်း ရုပ်သိမ်းလိုက်တဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်တွေမှာ မကြာခင် လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက သြဂုတ် ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဒါဟာ အဲဒီပြည်နယ်ကို ပြည်ထောင်စုနယ်မြေနှစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းမယ်လို့ အိန္ဒိယအစိုးရက ဆုံးဖြတ်ပြီး နှစ်ရက်အကြာမှာ ဝန်ကြီးချုပ် မိုဒီက ပြောလိုက်တာပါ။
အိန္ဒိယအစိုးရ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ နိုင်ငံကို ပထမဆုံးအကြိမ် ပြောတဲ့ မိန့်ခွန်းမှာ မိုဒီက ဒီဆုံးဖြတ်ချက်ဟာ ကက်ရှ်မီးယားပြည်သူတွေကို အကျိုးဖြစ်ထွန်းမယ်လို့ ပုံဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဗဟိုအစိုးရက အဲဒီဒေသမှာ စီးပွားရေး အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးမယ်လို့လည်း မိုဒီက ပြောခဲ့ပါတယ်။
ဗဟိုအစိုးရ ဆုံးဖြတ်ချက်ဟာ မွတ်စလင်အများစုရှိရာ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်ရဲ့ ကိုယ်ပိုင်ဥပဒေ ပြဋ္ဌာန်းခွင့် ရုပ်သိမ်းပြီး တခြားဒေသကလူတွေကို အဲဒီမှာ အိမ်ခြံဝယ်ယူခွင့် ပြုပေးပါတယ်။
အဲဒီဒေသမှာ တရားဥပဒေစိုးမိုးရေး အခြေအနေ ကောင်းမွန်တာနဲ့ ပြည်နယ်တခုအဖြစ် ထပ်မံပြောင်းလဲမယ်လို့ မိုဒီက ပြောပါတယ်။
အိန္ဒိယ အာဏာပိုင်တွေဟာ ၄ ရက်မြောက်နေ့အဖြစ် ကက်ရှ်မီးယားမှာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်ကို ဖြတ်တောက်ထားပါတယ်။
အိန္ဒိယအစိုးရ ဆုံးဖြတ်ချက်ကို အိမ်နီးချင်း ပါကစ္စတန်က ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန်အကြား နှစ်ပေါင်း ၇၀ ကြာ ရန်လိုမုန်းတီးတာတွေ ရှိခဲ့ပါတယ်။
DVB

0 comments:

Post a Comment