Monday, August 12, 2019

ကလေးတွင် တာဘောင်ပြိုကျ၍ လယ်မြေများ ရေနစ်မြုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများ စိုက်ပျိုးကြသည့် လယ်မြေများအတွင်း ချောင်းရေ မဝင်စေရန်အတွက် နတ်မြောင်းချောင်းဘေးတွင် ပြုလုပ်ထားသည့် တာဘောင်ပြိုကျခဲ့သဖြင့် မိုးစပါးစိုက်လယ်များ ရေဝင် နစ်မြုပ်ပျက်စီးမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။
နတ်မြောင်းချောင်းဖျားတွင် ပေတစ်သောင်းအရှည်ရှိ တာဘောင်ကို စေတနာဟိန်းကုမ္ပဏီက တာဝန်ယူပြီး ၂၀၁၉ ခုနှစ် ပွင့်လင်းရာသီကာလ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတာဘောင်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လလယ်မှစတင်၍ တဖြည်းဖြည်း ပြိုကျခဲ့ရာ ဩဂုတ်လ ၁၁ ရက်နေ့၌ ခန့်မှန်း ပေ တစ်ထောင့်ငါးရာခန့်အရှည်မှာ ပြိုကျပျက်စီးခဲ့ပြီး ချောင်းရေများမှာ လယ်များအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ချောင်းရေများ လယ်များအတွင်း ဝင်ရောက်ပြီး စိုက်ပျိုးပြီးစ စပါးပင်များ ရေဝင်နစ်မြုပ်ခြင်းကြောင့် စပါးပင်များ ပျက်စီးမည်ကို ဒေသခံတောင်သူများက စိုးရိမ်နေကြသည်။

“၂၀၁၅ သဘာဝဘေးဖြစ်ပြီး ချောင်း လမ်းကြောင်းပြောင်းပြီးကတည်းက လယ်ထဲရေဝင်လို့ တောင်သူတွေက လယ်မစိုက်ခဲ့ကြရဘူး။ ဒီနှစ်ကျတော့လည်း တာရိုးကို အားကိုးပြီးတော့မှ လယ်သမားတွေ စိုက်ကြရတဲ့အချိန်မှာ တာရိုးမခိုင်ဘဲ ပြိုကျတဲ့အခါကျတော့ လယ်သမားတွေက အခုပျက်စီး ဆုံးရှုံးကြတယ်။ လယ်ထဲ ရေတွေလွှမ်း ကုန်ပြီဗျ”ဟု ရာဇဂြိုဟ်ကျေးရွာမှ တောင်သူ ဦးဆန္ဒက ပြောဆိုသည်။

နတ်မြောင်းချောင်းသည် ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ တောင်ကုန်းတောင်တန်းများမှ မြစ်ဖျားခံစီးဆင်းသည့် ချောင်းတစ်ခုဖြစ်ပြီး အဆိုပါချောင်းကို အမှီပြု၍ ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများက လယ်စိုက်ပျိုးကြခြင်းဖြစ်သည်။

ယင်းသို့အားထားရသည့် နတ်မြောင်းချောင်းသည် ၂၀၁၅ ခုနှစ် သဘာဝဘေးဖြစ်ပွားပြီးချိန်တွင် ချောင်းလမ်းကြောင်း ပြောင်းကာ တောင်သူများ၏လယ်များအတွင်း ရေများဝင်ရောက်သဖြင့် လယ်ဧက နှစ်ထောင်ကျော်မှာ စိုက်ပျိုး၍မရဘဲ ရှိခဲ့ရာမှ ယခုနှစ်တွင် တာဘောင်ရိုးပြုလုပ်ပေးသဖြင့် ပြန်လည်စိုက်ပျိုးခဲ့ရာမှ တာဘောင်ရိုးပြိုကျပြီး လယ်များအတွင်း  ရေများဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း  ဒေသခံများက ပြောကြားသည်။ 
The Voice

0 comments:

Post a Comment