Thursday, August 8, 2019

ဟောင်ကောင်သို့ ခရီးမသွားရန် အမေရိကန်နှင့် သြစတြေးလျ သတိပေး

အမေရိကန်နဲ့ သြစတြေးလျ အစိုးရတွေက သူတို့နိုင်ငံသားတွေ ဟောင်ကောင်ကို ခရီးမသွားဖို့ သတိပေးထားကြပါတယ်။

တရုတ်ပြည်မကြီးက သံသယရှိသူတွေကို ပြည်မကြီးမှာ တရားစီရင်နိုင်ဖို့ ဟောင်ကောင်ကနေ ပြည်မကြီးဆီကို လွှဲပေးခွင့်ပြုမယ့် ဥပဒေမူကြမ်းကို ဟောင်ကောင်သားတွေ ဒေါသထွက်ခဲ့ကြပြီး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြနေကြတာ ၂ လကျော်လာပြီး ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး နိုင်ငံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။
အခုလည်း ဆန္ဒပြသူတွေဟာ လေဆိပ်မှာ ၃ ရက်ကြာ ဆန္ဒပြပွဲပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဟောင်ကောင် ရဲတပ်ဖွဲ့က နိုင်ငံတကာလေဆိပ်မှာ ဆန္ဒပြပွဲတွေ မပြုလုပ်ခင် တရားဥပဒေကို လေးစားလိုက်နာဖို့ သြဂုတ် ၈ ရက်နေ့က မေတ္တာရပ်ခံလိုက်ပါတယ်။
လေဆိပ်မှာ ဆန္ဒပြသူတွေ စုဝေးခွင့် တောင်းခံတဲ့ လျှောက်ထားချက်ကိုလည်း လက်ခံမရရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သြဂုတ် ၇ ရက်ညက ဆင်းမ်ရှဆွေခရိုင်မှာ ဆန္ဒပြအမျိုးသမီး ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါကြောင့် ဆန္ဒပြပွဲတွေ စတင်တဲ့ ဇွန်လကတည်းက ဖမ်းဆီးခံရသူ စုစုပေါင်း ၆၀၀ နီးပါးရှိပြီး အဲဒီထဲမှာ အသက်အငယ်ဆုံးက ၁၃ နှစ်အရွယ် ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
DVB

0 comments:

Post a Comment