Tuesday, August 13, 2019

ပေါင်းတည်တွင် နွားသတ်ချောင်း ရေလျှံ မြို့ပေါ်နှင့်ကျေးရွာအချို့ ရေကြီးနစ်မြုပ်

Image may contain: 1 person, house, tree, outdoor and water
မိုးရက်ဆက်ရွာသွန်းမှုနှင့်အတူ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင်းရှိ နွားသတ်ချောင်းရေလျှံကာ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့ ရေကြီးနစ်မြုပ်ပြီး စာသင်ကျောင်းအချို့ ပိတ်ထားရကြောင်း ပေါင်းတည်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သြဂုတ် ၁၁ ရက်မှစတင်ကာ ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု နှစ်စုတို့ ရေကြီး နစ်မြုပ်နေကာ သြဂုတ် ၁၃ ရက်မှ စတင်၍ စာသင်ကျောင်းအချို့ ပိတ်ထားလိုက်ရကြောင်း သိရသည်။
"ကျွန်တော်တို့ရုံးလည်း ရေ၀င်နေတဲ့အတွက် စာရွက်စာတမ်းတွေကို ရေလွတ်ရာပြောင်းပြီးတော့ ရုံးခန်းကို မင်းကွက် အထကမှာ ယာယီဖွင့်လှစ်ထားပါတယ်။ ပိတ်ထားတဲ့ ကျောင်းတွေကတော့ ရေကျသွားရင် ပိတ်တဲ့ရက်တွေအတွက် အစားပြန်သင်ပေးသွားမှာပါ"ဟု ပေါင်းတည်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်ဝင်းက ပြောဆိုသည်။
ပိတ်ထားသည့် ကျောင်းများမှာပေါင်းတည် အထက၊ အလက၊ ဘုရားငါးဆူ အလက ရေလည်ကြီးကျောင်းတို့ဖြစ်ပြီး ရေကြီးနေသည့် ကျေးရွာအုပ်စုများမှာ ညောင်ကပ်ပင်နှင့် သဖန်းပင်ဆိပ်ကျေးရွာအုပ်စုများဖြစ်ကြောင်း သိရသည်။
"ရေတက်လာတော့ အဆင်မပြေဘူး။ ချက်ရပြုတ်ရတာရော။ ပစ္စည်းတွေလည်း ရေလွတ်ရာကို ရွှေ့ရတယ်။ အခုတော့ ရေနည်းနည်းတော့ ပြန်ကျပြီ"ဟုသဖန်းပင်ဆိပ်ကျေးရွာမှ ဒေသခံ ဦးမြင့်ဦးက ပြောဆိုသည်။
ယခု ချောင်းရေလျှံမှုကြောင့်ပေါင်းတည်မြို့နယ်တွင် ကျေးရွာအုပ်စု၁၃ အုပ်စုမှ လယ်ဧကပေါင်း ၄၁၀၀ ကျော် (၄၁၂၇ ဧက) ရေ၀င်နစ်မြုပ်နေကြောင်း ပေါင်းတည်မြို့နယ် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - သီဟလွင်(မြစ်မခ)

0 comments:

Post a Comment