Monday, August 12, 2019

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မိုးကြီးပြီး တောင်ကျရေကြောင့် အတ္ထရံမြစ် စိုးရိမ်ရေမှတ်ကျော်ကာ ရေဘေးရှောင် ၄၀၀၀၀ ကျော်အထိရှိလာ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မိုးကြီးပြီး ချောင်းဖျားတောင်ကျရေ စီးဆင်း၍ အတ္ထရံမြစ်ရေ စိုးရိမ်ရေမှတ်ကျော်ကာ ရေဘေးရှောင် လူဦးရေ ၄၀၀၀၀ ကျော်ရှိနေ၍ အကူအညီများ လိုအပ်နေကြောင်း ဝန်ကြီး စောအောင်မြင့်ခိုင် (မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ကျိုက်မရောမြို့နယ် တာဝန်ခံ) က ပြောကြားသည်။

“အခု ကယ်ဆယ်ရေးစခန်း ခုနစ်ခု ဖွင့်ထားတယ်။ အောင်သုခရပ်၊ ပိန္နဲကုန်းရွာ၊ ရန်မျိုးအောင်ရပ်၊ အလကခွဲအထရံ၊ ချောင်းနှစ်ခွရွာ (ရှမ်းကျောင်း)၊ လမ်းဝဓမ္မာရုံ၊ ငဗြေမရွာ၊ အိမ်ထောင်စု ၃၆၄၊ လူဦးရေက ၁၅၀၀ လောက်ရှိတယ်။ အတ္ထရံမြစ်ရေ ကျိုက်မရော စိုးရိမ်ရေမှတ် ၅၂၀ စင်တီကို ကျော်လာတော့ ရေဘေးရှောင်ရတဲ့ ရွာပေါင်း ၂၆ ရွာ၊ အိမ်ထောင်စုပေါင်း ၇၈၇၃၊ လူဦးရေက ၄၁၅၁၀ ရှိနေပြီး ရေထရက် ရေက ထပ်တိုးလာဖို့လည်း ရှိသလို မိုးကလည်း များလာတော့ ကျိုက်မရောမြို့နယ်က အကူညီအများကြီး လိုနေပါတယ်” ဟု ဝန်ကြီး စောအောင်မြင့်ခိုင် (မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ကျိုက်မရောမြို့နယ် တာဝန်ခံ) က ပြောကြားသည်။

“ ကျိုက်မရောမှာ အရင်က နှစ်တိုင်း ရေကြီးပါတယ်။ တူးမြောင်း ၂၀ ကျော် ဆည်မြောင်းက တူးလိုက်တော့ ရေမကြီးတာ လေး ငါးနှစ်ရှိပြီ။ မနှစ်က ပြန်ကြီးတယ်။ အခု ဒီနှစ်လည်း ကြီးနေပြီ။ အကွေ့အကောက်ရှိတဲ့ အတ္ထရံမြစ်က မြို့လယ်ကို ဖြတ်စီးတာ။ ဘေးနှစ်ဖက် ရပ်ကွက်၊ ရွာတွေ ရေမြုပ်တယ်။ အခု မိုးဆက်၊ ရေအကျနှေး၊ ချောင်းနှစ်ခွ ကြာအင်းဆိပ်ကြီးက တောင်ကျရေဆင်းလာပြီး ဆုံတော့ ရေသေရက်က နောက်ရေထရက် ဆက်ကူး၊ ရေကျတာ ကြာပါတယ်။ လမုခိုအုပ်စု အောင်ဗလ ရွာလုံးကျွတ် အိမ်ခြေ ၅၀ ကျော် မြုပ်ပါတယ်”ဟု မြစ်ကမ်းနား ရန်မျိုးအောင်ရပ်နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ကျိုက်မရောမြို့ အတ္ထရံမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၅၂၀ စင်တီဖြစ်ပြီး လက်ရှိ ၅၅၀ စင်တီ ရောက်ရှိနေကာ မွန်ပြည်နယ် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သော ဘီးလင်းမြစ်ကမ်း၊ ဘီးလင်းမြို့နယ်၊ ရေးမြစ်ကမ်း ရေးမြို့နယ်၊ အတ္ထရံမြစ်ကမ်း ကျိုက်မရောမြို့နယ်တို့တွင် ကျိုက်မရောမြို့နယ်သည် ရေဘေးရှောင်ဦးရေ အများဆုံး ဖြစ်သော်လည်း သေဆုံး ပျောက်ဆုံး မရှိကြောင်း ဒေသခံများမှ သိရသည်။     

Eleven Media Group

0 comments:

Post a Comment