Monday, August 12, 2019

ရထားလမ်းပိုင်းပျက်စီးမှုကြောင့် ရန်ကုန်-ပုဂံရထား ကျောက်ပန်းတောင်းအထိသာပြေးဆွဲမည်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံဘူတာနှင့် တောင်ဇင်းဘူတာကြား ပေ ၁၂၀ ခန့် အရှည်တံတား၏ ရေလယ်တိုင်တိမ်းစောင်းခြင်း၊ လဲကျခြင်း၊ တံတားသံဘောင်ပြုတ်ကျခြင်းတို့ကြောင့် ရန်ကုန်-ပုဂံ အစုန်၊ အဆန်ရထားများ ရန်ကုန်မှ-ကျောက်ပန်းတောင်း၊ ကျောက်ပန်းတောင်းမှ ရန်ကုန်သို့သာ ပြေးဆွဲမည်ဖြစ်သည်။

သြဂုတ် ၁၀ ရက်နေ့လယ်ပိုင်းတွင် မိုးသဲထန်စွာရွာသွန်းခဲ့သဖြင့် ယင်းနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က အဆိုပါနေရာရှိ တံတားအမှတ် ၁၃၅၊ တံတားအရှည် ပေ ၁၂၀ ရှိ တံတား၏ရေလယ်တိုင် PR 3 တိုင်မှာ ၄၅ ဒီဂရီတိမ်းစောင်းခဲ့ခြင်း၊ ရေလယ်တိုင် PR 4 တိုင် လဲကျခြင်းတို့ဖြစ်ခဲ့၍ ပေ ၂၀ ရှိ တံတားသံဘောင် ၂ ခု ပြုတ်ကျခဲ့ကြောင်း ပုဂံမီးရထားဘူတာရုံပိုင်းကြီး ဦးဥာဏ်တင့်က ပြောကြားသည်။

“ကျွန်တော်တို့ ဒီနေ့ (သြဂုတ်လ ၁၂ ရက်နေ့) စစ်ကိုင်းတိုင်း ရထောင်မီးရထား စက်ခေါင်းစက်ရုံက တံတားအလုပ်ရုံအဖွဲ့တွေ ရောက်မယ်ခင်ဗျာ။ အဲဒီအဖွဲ့တွေရောက်ရင် (ပုံမှန်အတိုင်းပြေးဆွဲဖို့) ခန့်မှန်းကတော့ တစ်ပတ် (၇ ရက်) ပေါ့။ ဒီထက်စောရင်လည်း စောနိုင်ပါတယ်”ဟု ပြောသည်။

ယင်းတံတား ရေကျော်ပျက်စီးခဲ့သဖြင့် သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ အချိန် ပုဂံဘူတာမှ ရန်ကုန်သို့ ပြေးဆွဲမည့် အစုန် ၆၂ ရထား ခရီးစဉ် ဖျက်သိမ်းခဲ့ကြောင်း၊ ရန်ကုန်ခရီးသည် ၅၀ ဦးနှင့် လမ်းဆင်းခရီးသည် ၃၀ ဦး စုစုပေါင်း ခရီးသည်ဦးရေ ၈၀ ၏ ရထားလက်မှတ်ခများကို ပြန်လည်ပေးအပ်ခဲ့ပြီး ကားလိုင်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးသည်။

ထို့အပြင် ရန်ကုန်-ပုဂံ အဆန် ၆၁ ရထား၏ ခရီးသည် ၇၆ ဦးနှင့် နေပြည်တော်-ပုဂံ အဆန် ၁၀၇ ရထား၏ ခရီးသည် ၃၀ ဦး ပုဂံညောင်ဦးအထိ လိုက်ပါ ခရီးသည် စုစုပေါင်း ၁၀၀ ဦးကျော်တို့ကို မြန်မာ့မီးရထားမှ ကျောက်ပန်းတောင်း မီးရထားဘူတာတွင် ကားသုံးစီးဖြင့် သွားရောက်ကြိုပြီး ၄င်းတို့၏ ပုဂံညောင်ဦးရှိ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသည်ဟု ၄င်းက ရှင်းပြသည်။

ပုဂံညောင်ဦး မီးရထားဘူတာမှ ညနေ ၄ နာရီထွက် ပုဂံ- ရန်ကုန် အဆန် ၆၁ ရထား၊ ရန်ကုန်မှ ပုဂံမီးရထားဘူတာ နံနက် ၁၀ နာရီ ၄၅ မိနစ်အဝင် ရန်ကုန်-ပုဂံအစုန် ၆၂ ရထားနှင့် ပုဂံမှ နေပြည်တော် နံနက် ၇ နာရီအချိန်ခန့်ထွက် ပုဂံ-နေပြည်တော် အစုန် ၁၀၈ ရထား၊ နေပြည်တော်မှ ပုဂံ ည ၇ နာရီခွဲအဝင် နေပြည်တော်-ပုဂံ အဆန် ၁၀၇ ရထားတို့ကို ကျောက်ပန်းတောင်းမီးရထား လက်မှတ်များ ရောင်းချပြေးဆွဲလျှက်ရှိကြောင်းနှင့် ရန်ကုန်၊ နေပြည်တော်မှ ပုဂံညောင်ဦးသို့ လိုက်ပါစီးလာသော မီးရထား ခရီးသည်များကို ကျောက်ပန်းတောင်းမြို့ ဘူတာတွင် ခရီးသည်တင်ယာဉ်လိုင်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ထားသည်ဟု ပုဂံညောင်ဦး မြန်မာ့မီးရထားထံမှ သိရသည်။

The Voice

0 comments:

Post a Comment