Tuesday, August 13, 2019

မလွှဲတောင်ပေါ်မှ ထားဝယ်-ရေးလမ်းပိုင်းပြတ်ကျသွားခဲ့၍ သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ပြီး ပြတ်ကျခဲ့သည့်လမ်းပိုင်းတွင် ကုန်တင်ယာဉ်အစီး ၇၀ ခန့်နှင့် လူတစ်ရာကျော် ပိတ်မိနေ

ပြတ်ကျခဲ့သည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်နေသည်ကို တွေ့မြင်ရစဉ် (Photo – Myint Mg Facebook)
မလွှဲတောင်ပေါ်မှ ထားဝယ်-ရေး လမ်းပိုင်းပြတ်ကျသွားခဲ့၍ သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ပြီး ပြတ်ကျခဲ့သည့် လမ်းပိုင်းတွင် ကုန်တင်ယာဉ်အစီး ၇၀ ခန့်နှင့် လူ ၁၀၀ ကျော် ပိတ်မိနေကြောင်းဒေသခံများထံမှ သိရသည်။

အဆိုပါ လမ်းပိုင်းမိုင်တိုင် ၇၉ တွင် သြဂုတ် ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် အရှည် ပေ ၁၀၀ ခန့်ရှိ လမ်းပိုင်းပြတ်ကျသွားခဲ့ရာမှ သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းများကို သြဂုတ် ၁၃ ရက်တွင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကလိန်​​အောင်မြို့နယ်​ခွဲ အုပ်​ချုပ်​​ရေးမှူးဦး​အောင်​နိုင်​က​ ပြောကြားသည်​။
အလောင်းများကို သြဂုတ်​ ၁၃ရက် နံနက်​က ​ကျောက္ကဒင်​​ကျေးရွာအနီး ​ချောင်းအတွင်းတွေ့ရှိခဲ့ပြီး သေဆုံးသူမှာ ရေးမြို့နယ်​​ ပေါ်ခြံစု​ကျေးရွာ​နေ တွယ်​တာ(ခ) ဖြိုး​ဝေလွင်​ (၁၉ နှစ်​)နှင့် ရေးမြို့ ခမရ(၅၈၆)​နေ ​ အောင်​မျိုး​အေး (၁၈နှစ်​) တို့ ဖြစ်​ကြောင်း သိရသည်​။
အခင်းဖြစ်ပွားသည့်နေ့တွင် သေဆုံးသူနှစ်ဦးနှင့်အတူ သူငယ်ချင်းနှစ်ဦးလည်းပါဝင်ကြောင်း၊ တောင်ပြိုကျသည့်အချိန်တွင် သူငယ်ချင်းနှစ်ဦးမှာ လွတ်မြောက်ခဲ့သော်လည်း သေဆုံးသူနှစ်ဦးမှာ ပေ ၅၀ ခန့်ရှိ ချောက်အတွင်းသို့ ကျခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်နိုင်က ပြောကြားသည်။
“သူငယ်​ချင်း လေး​ယောက်​ပြန်​လာတဲ့ အချိန်​မှာ ​ရေး-ထားဝယ်​ကားလမ်းမိုင်​တိုင်​အမှတ်​ ၇၉ အနီးအ​ရောက်​မှာ​မြေပြိုပြတ်​ကျတဲ့အချိန်​မှာ ​ပေ ၅၀​ ကျော်​​ချောက်​ထဲကို တွယ်​တာနဲ့ အောင်​မျိုးအေးတို့က ပြုတ်​ကျသွားတယ်​။
စိုင်းထွန်းမင်းနဲ့ ဇင်​မင်းလတ်​က​ နောက်​လှည့်​​ပြေးလို့ လွတ်​​မြောက်​ခဲ့တယ်​”ဟု ကလိန်​​အောင်မြို့နယ်​ခွဲ အုပ်​ချုပ်ရေးမှူး ဦး​အောင်​နိုင်​က​ ပြောကြားသည်​။
အဆိုပါဖြစ်စဉ်နှင့်​ပတ်​သက်​၍ ကလိန်​​အောင်​နယ်​​မြေရဲခန်းက ​သေမှု​သေခင်း အမှတ်​ ၃/၂၀၁၉ ဖြင့်​ အမှုဖွင့်​ကာ စစ်​​ဆေး​နေ​ကြောင်း သိရသည်​။
မလွှဲတောင်ပေါ်၌ လမ်းပိုင်းပြတ်ကျမှုကြောင့် ဖြတ်သန်း၍မရဘဲ ပိတ်မိနေသည့် ခရီးသည်နှင့် ကုန်တင်ယာဉ်အစီးရေ ရဝခန့် ရှိနေပြီး လူ ၁၅၀ ကျော်ခန့် ပိတ်မိနေကြောင်း၊ ၎င်းတို့အား နယ်မြေခံတပ်ရင်းဖြစ်သည့်အမှတ် (၂၉၉) မှ တပ်မတော်သားများက စားသောက်ရေးအတွက်စီစဉ်ပေးနေပြီး အကူအညီများ လိုအပ်နေကြောင်း ပိတ်မိနေသူများထံမှ သိရသည်။
သြဂုတ် ၁၃ ရက်တွင် မလွှဲ​တောင်​​ကြောတ​စ်လျှောက်​၌​ မြေပြိုကျမှုထပ်​မံဖြစ်​ပွားခြင်းမရှိတော့ဘဲ လမ်းပိုင်းပြတ်​ကျသွားခဲ့သည့်​နေရာ၌ ယာယီ​ဘေလီတံတားများတပ်​ဆင်ရန်​ လမ်းဦးစီးဌာနက စီစဉ်​​နေ​ကြောင်း သိရသည်။
တောင်ပြိုကျမှုကြောင့် လမ်းပိုင်းပြတ်ကျမှုဖြစ်ပွားနေသည့် မလွှဲတောင်လမ်းပိုင်း၌ ယာယီဘေလီတံတားတပ်ဆင်ရန် သြဂုတ် ၁၂ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ခဲ့ပြီး လမ်းဦးစီးဌာနမှ ဘေလီတံတား တင်ဆောင်ထားသည့်ယာဉ် ခြောက်စီး၊ mobile crane  တစ်စီး၊ truck crane တစ်စီးတို့မှာ မိုင်တိုင်ရ၇ / ၁ သို့ သြဂုတ် ၁၃ ရက် နံနက်က ရောက်ရှိခဲ့ကာ မိုင်တိုင် ၇၈ / ၁၌ တောင်ပြိုမြေဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ လမ်းပွင့်၍ ရှေ့ဆက်တိုးသွားမည်ဖြစ်ပြီး တာဝန်ရှိသူများမှ အချိန်မီပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တနသာင်္ရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်ဖေ့ဘုတ် စာမျက်နှာပေါ်တွင် ရေးသားထားသည်။
အဆိုပါ လမ်းပိုင်းအား ပြန်လည်ပြင်ဆင်ရာတွင် ခြောက်ရက်ခန့်ကြာမြင့်နိုင်သည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ရန်ကုန်-ထားဝယ် လမ်းပိုင်းပြတ်တောက်မှုကြောင့် ဒေသတွင်းကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေပြီး ဒေသခံများအကြား ရိက္ခာပြတ်တောက်မည်ကိုစိုးရိမ်မှုများရှိနေကြောင်း သိရသည်။
ပြီးခဲ့သည် ​ရက်​ပိုင်းက​လည်း ကလိန်အောင် ချောင်း​ရေလျှံတက်​မှု​ကြောင့်​ လမ်း​ရေ​ကျော်​မှုဖြစ်​ပွားပြီး မြို့ပေါ်ရပ်ကွက်​သုံးခုမှ လူဦး​ရေ ၄၀၀​ ကျော်​ကို​​ဘေးလွတ်​ရာသို့​ ပြောင်း​ရွှေ့ပေးခဲ့ရသော်လည်း ချောင်းရေများ ပြန်ကျလာပြီဖြစ်သဖြင့် ကလိန်​​အောင်​မြို့ ကယ်​ဆယ်​​ရေးစခန်းကို သြဂုတ်​ ၁၃ရက်​​ည​နေပိုင်းမှ စတင်​ကာပိတ်​သိမ်းလိုက်​ပြီဖြစ်​​ကြောင်း၊ ပြန်​လည်​ထူ​ထောင်​​ရေးအတွက်​ ကုမ္ပဏီများနှင့်​အဖွဲ့အစည်းအသီးသီးမှ လာ​ရောက်လှူဒါန်းထားသည့်​ရိက္ခာများကို​ ရေ​ဘေးသင့်​ခဲ့သည့်​​ ဒေသခံများထံ အချိုးကျခွဲ​ဝေပေးရန်​ စီစဉ်​ထားကြောင်း သိရသည်​။
ထားဝယ်ဒေသ၏ သြဂုတ် ၁၃ ရက် ရာသီဥတမှာ မိုးအနည်းငယ်ရွာသွန်းမှုမှအပ ယခင်နေ့များကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်း မရှိတော့ဘဲ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် နေရာများတွင်လည်း ရေပြန်ကျနေပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment