Thursday, August 8, 2019

ရေပိုင်နက်ထဲက တရုတ် ရေယာဉ်တွေ ထွက်ခွာသွားပြီလို့ ဗီယက်နမ် ပြော

 တောင်တရုတ်ပင်လယ်က ဗီယက်နမ် အထူးစီးပွားရေးဇုန် ရေပြင်ကနေ တရုတ်သင်္ဘော Haiyang Dizhi 8 နဲ့ အရံရေယာဉ်တွေ ထွက်ခွာသွားပြီလို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၈ ရက်မှာ ပြောလာပါတယ်။


ဇူလိုင်လကစပြီး ဗီယက်နမ် ပိုင်ဆိုင်တဲ့ ရေပိုင်နက်ထဲကို ရောက်ရှိနေတဲ့ တရုတ်ရဲ့ ဘူမိတိုင်းတာရေး Haiyang Dizhi 8 ရေယာဉ်ဟာ ခုချိန်မှာ ရေပိုင်နက်ထဲက ထွက်ခွာသွားတာ အတည်ပြုနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး လီသီသုဟန်က ဟနွိုင်းမှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 “ကျွန်မတို့ ရရှိတဲ့ သတင်းတွေအရ သြဂုတ် ၇ နေ့လယ်ပိုင်းမှာပဲ တရုတ်သင်္ဘောဟာ ဘူမိတိုင်းတာရေး မစ်ရှင်ကို ရပ်ဆိုင်းပြီး ဗီယက်နမ် အထူးစီးပွားရေးဇုန် ရေပိုင်နက်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။”လို့ လီသီသုဟန်က ပြောပါတယ်။

ဒါပေမယ့် အဲဒီ သင်္ဘောရဲ့ တောင်တရုတ်ပင်လယ်အတွင်း လှုပ်ရှားမှုတွေကို ဗီယက်နမ် အာဏာပိုင်တွေအနေနဲ့ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

“နိုင်ငံတကာဥပဒေအောက်ကနေ ဗီယက်နမ်ရဲ့ အချုပ်အခြာအာဏာ၊ တရားစီရင်ရေးနဲ့ အာဏာပိုင်အခွင့်အလမ်းတွေကို နိုင်ငံတိုင်းက လေးစားလိုက်နာဖို့ ဗီယက်နမ်နိုင်ငံအနေနဲ့ တောင်းဆိုပါတယ်။ သဘောထား မညီမျှမှုတွေကိုလည်း စေ့စပ်ဆွေးနွေးရေးအပေါ်မှာ ကောင်းမွန်နဲ့ စိတ်ထားနဲ့ ရပ်တည်ပေးသွားရမှာ ဖြစ်ပါတယ်။”လို့ လီသီသုဟန်က ပြောပါတယ်။

 ဒါပေမယ့် ဗီယက်နမ်ပိုင် ဟောင်ဆာကျွန်းအနီးမှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်တာကြောင့် နှစ်နိုင်ငံကြား တင်းမာမှုက အမြစ်တွယ်နေဆဲပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ အဲဒီလို ဥပဒေမဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ဗီယက်နမ်က ကန့်ကွက်ထားတာလည်း ဖြစ်ပါတယ်။

ဗီယက်နမ်ပိုင် ကျွန်းနားမှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာနဲ့ ပတ်သက်ပြီး သံတမန်လမ်းကြောင်းကနေ ကန့်ကွက်စာ ပေးပို့ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


Mizzima - News in Burmese

0 comments:

Post a Comment