Tuesday, August 13, 2019

မြေပြိုမှုတွင် ပါဝင်ခဲ့သည့် အိမ်ထောင်စုများအတွက် နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးမည်

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မြေပြိုမှုဖြစ်စဉ်များတွင် နေအိမ်များ ပျက်စီးခဲ့ရသည့် မိသားစုများအတွက် ပြည်နယ်အစိုးရက နေအိမ်များပြန်လည် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
“သဲဖြူကုန်းကျေးရွာမှာ မြေပြိုလို့ နေအိမ်ပျက်စီးသွားတဲ့ မိသားစုတွေအားလုံးအတွက်ကို နေအိမ်တွေပြန်ဆောက်ပေးမယ်။ သူတို့အတွက် နေရာကိုတော့ မြေနေရာတော့ တွေ့ထားပြီးပြီ။ စားကျက်မြေနေရာတွေ့ထားတယ်။ တကယ်လို့ သူတို့က အဲဒီမှာပဲ နေချင်တယ်ဆိုရင်လည်း အဲဒီမှာပြန်ဆောက်ပေးမယ်။ သူတို့နေချင်တဲ့နေရာမှာ ပြန်ဆောက်ပေးမယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။

သဲဖြူကုန်းကျေးရွာ၌ မြေပြိုမှု ပတ်ဝန်းကျင်တွင် လူဦးရေ ၁၆၉ ဦး နေထိုင်လျက်ရှိပြီး၊ လက်ရှိတွင် အသက်ရှင်ကျန်ရစ်သူနှင့် ဒဏ်ရာရ၍ ဆေးရုံတက်နေရသူ စုစုပေါင်း ၁၀၅ ဦးရှိကြောင်း၊ ယနေ့အထိ မြေပြိုမှုတွင် စုစုပေါင်း သေဆုံးသူမှာ ၆၄ ဦးထိ အလောင်းတွေ့ရှိနေပြီးဖြစ်ကြောင်း၊ ရှာဖွေရေးကိုလည်း စိတ်ချရသည့် အခြေအနေအထိ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ဘီးလင်းမြို့ပေါ်ရှိ မြစ်ဘေးတွင် နေထိုင်သူများကို ဘုရင့်နောင်ကုန်းတွင် နေထိုင်နိုင်ရန်အတွက် ပြည်နယ်မှ မြေကွက်များရိုက်၍ ပြောင်းရွှေ့စေမည်ဖြစ်ကြောင်း၊ မြေကွက်ဖော်ပေးပြီးနောက် ကျောင်းများ၊ လမ်းများ၊ လျှပ်စစ်မီးတိုင်များနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ရေကြီးမှုကြောင့် မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ ထိုအထဲတွင် ရေးမြို့နယ်သည်လည်း ဆိုးဝါးသည့် အခြေအနေကို ခံစားခဲ့ရပြီး ယခုတွင် ရေပြန်ကျသွားပြီ ဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လိုအပ်လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

“ပြန်လည်ထူထောင်ရေးအတွက်က အခြေခံအဆောက်အဦ လိုအပ်ချက်တွေ ဆုံးရှုံးသွားတာ အများကြီးရှိတယ်။ အိမ်တွေ တံတားတွေ လမ်းတွေ၊ နောက်ပြီး ဆိုင်ခန်းတွေ အခြေခံအဆောက်အဦက မရှိမဖြစ်လိုအပ်တယ်။ နောက်တစ်ခု သောက်သုံးရေလိုအပ်ချက်ရှိနေတယ်။ ရေတွင်းတွေက ရေတွေ အားလုံးဖုံးလွှမ်းသွားတယ်။ နောက်တစ်ချက်က ကိုယ့်အိမ် ကိုယ်ပြန်လို့ရပေမယ့် ဒန်အိုဒန်ခွက်တွေ မရှိတော့ဘူး။ ဘယ်တွေမျောကုန်လည်း မသိဘူး၊ ဒါတွေလိုအပ်ချက်ရှိတယ် တော်တော်များများက အခက်အခဲဖြစ်နေရတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဝင်းက ပြောဆိုသည်။

လက်ရှိတွင် ရေဘေးကြောင့် နေအိမ်ပျက်စီးသွားသူများအတွက် နေစရာမရှိကြောင်း၊ နေအိမ်မပျက်စီးသူ အချို့မှာလည်း သန့်ရှင်းရေးလုပ်ရာတွင်လည်း အခက်အခဲရှိမှု၊ သောက်သုံးရေ အခက်အခဲရှိမှုများ ရှိနေကြောင်း၊ အဝတ်အစားများမရှိသည့်အတွက် အခက်အခဲများ ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

ရေးမြို့နယ်အတွက် ရေကြီး နစ်မြုပ်မှုတွင် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ကွင်းဆင်းစစ်တမ်းများ ကောက်ယူပြီးမှသာလျှင် မည်သို့လုပ်ဆောင်မည်ကို ပြောနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာ အေးဇံက ပြောကြားသည်။

“ရေးကို ကျွန်တော်တို့ လုံနယ်ဝန်ကြီးကို လွှတ်ထားပြီးပြီ၊ Survey ဆင်းသွားနေပြီ၊ Survey အရင်ကောက်ပြီးမှ ဘာလုပ်ရမလဲ ပြန်ပြောပေးနိုင်မယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ပြည်နယ်အစိုးရက ထောက်ပံ့သည့် လူတစ်ဦးလျှင် တစ်ရက်စာ ဆန် ၂ ဘူးအတွက် သုံးရက်စာကို ကယ်ဆယ်ရေးစခန်းတွင် ရောက်နေသူများအတွက်သာဖြစ်ပြီး နေအိမ်များတွင် တည်ရှိနေသူများအတွက် မရရှိကြောင်း၊ လက်ရှိတွင် အများပြည်သူ အလှူရှင်များ လာရောက်လှူဒါန်းသည့် အစားအသောက်များဖြင့် လတ်တလောဖြေရှင်းနေရကြောင်း ဦးအောင်နိုင်ဝင်းက ပြောကြားသည်။

မွန်ပြည်နယ်တွင် ဩဂုတ်လ ၁၂ ရက်နေ့အထိ သံဖြူဇရပ်မြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့မှလွဲ၍ ကျန်မြို့နယ် ၇ မြို့နယ်တွင် ရေဘေးရှောင်စခန်း ၄၃ ခုရှိနေသေးပြီး စခန်းတွင် ခိုလှုံနေရသူ ၁၆,၀၀၀ ကျော်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများအနေနှင့် သိန်းချီရှိနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
The Voice

0 comments:

Post a Comment