Tuesday, August 20, 2019

မြန်မာနိုင်ငံသားအများစု ထိုင်းနိုင်ငံတွင် အိမ်ခန်းဝယ်ယူမှုများလာ

Image may contain: 1 person, suit and eyeglasses
ထိုင်းနိုင်ငံ၏ငွေကြေး ခိုင်မာမှုရှိလာခြင်းနှင့် အကျိုးအမြတ် ပိုမိုရရှိလာခြင်းတို့ကြောင့် မြန်မာနိုင်ငံသားအများစု ထိုင်းနိုင်ငံတွင် နေအိမ်တိုက်ခန်းများဝယ်ယူမှုများပြားလာကြောင်း ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။

“အခုနှစ်ပိုင်းမှာဆို ထိုင်းနဲ့မလေးရှားပေါ့ မလေးရှားဘက်မှာကသိပ်မရှိသေးပေမယ့် အထူးသဖြင့် ဘန်ကောက်လိုနေရာမျိုးမှာတော့ မြန်မာနိုင်ငံသားအများစု အိမ်ခန်းတွေ ဝယ်ယူကြတယ်။ မြန်မာတွေ အသွားများတဲ့ နိုင်ငံလည်းဖြစ်တယ်။ ကျန်းမာရေးအရ ဆေးကုမယ့်သူတွေ၊ ကျောင်းတက်မယ့်သူတွေနဲ့ စီးပွားရေးနဲ့ဆက်နွယ်နေတဲ့ သူတွေက ဟိုတယ်တို့ဘာတို့မှာ မတည်းတော့ဘူး အိမ်ခန်းတွေပဲဝယ်ယူကြတယ်” ဟု စိုင်းခွန်နောင်အိမ်ခြံမြေလုပ်ငန်းမှ ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။
ထိုင်းနိုင်ငံတွင် အိမ်ခြံမြေနှင့်တိုက်ခန်းဝယ်ယူမှုများတွင် နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ကို ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ပေးထားပြီးထိုင်းနိုင်ငံ၏ ငွေကြေးဖေါင်းပွမှုသည်လည်း မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ပါက တည်ငြိမ်သည့်အခြေအနေတွင်ရှိပြီး ပြန်လည်ဌားရမ်းမည်ဆိုပါကလည်း မြန်မာပြည်ရှိကွန်ဒိုတိုက်ခန်းများထက် ပို၍ဈေးကောင်းသည့်အခြေအနေရှိကြောင့် ယခုကဲ့သို့ဝယ်ယူမှုများပြားလာခြင်းဖြစ်သည်။
“ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု စီးပွားရေးဖွံ့ဖြိုးမှုအရလည်း တစ်နှစ်ကို ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကြားတက်တယ်။ ဒီအမြတ်တွေပေါင်းရင် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ အမြတ်ရတော့ ရင်းနှီးမြုပ်နှံကြတဲ့ သဘောပဲ။ မြန်မာနိုင်ငံမှာ အချိန်ကာလ တစ်ခုတုန်းကတော့ ဈေးတက်သွားတာ ၁၀၀ ရာခိုင်နှုန်းလောက်အထိ တက်သွားတယ်၊ အတက်အကျ ကြမ်းတယ်။ ထိုင်းမှာကျတာ့ တည်တည်ငြိမ်ငြိမ်လေးနဲ့တက်တယ်။ နှစ်ကြာရင် ဘယ်လိုပဲဖြစ်ဖြစ် မြတ်မယ်ဆိုတာ လုပ်ငန်းရှင်တွေကသိလာပြီ “ ဟု ဦးစိုင်းခွန်နောင်ကပြောသည်။
ထိုင်းနိုင်ငံ၏ ငွေကြေးခိုင်မာမှုသည် အမေရိကန်ဒေါ်လာနှုန်းထားအတိုင်းဖြစ်လာပြီး ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ အိမ်ခန်းဝယ်ယူမှုမှာ မြန်မာကျပ်ငွေ ၃ ဘီလီယံအထိရှိခဲ့သည်။
သတင်း၊ ဓာတ်ပုံ - ကျော်သက်အောင်/ စံတော်ချိန်

0 comments:

Post a Comment