Tuesday, August 6, 2019

စစ်တောင်းမြစ်ရေကြီးမှုကြောင့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှ စာသင်ကျောင်းပေါင်း ၅၈ ကျောင်း ယာယီပိတ်ထားရပြီး ရေဘေးသင့် ပြည်သူများအတွက် အကူအညီ အထောက်အပံ့များ လိုအပ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှ စာသင်ကျောင်းတစ်ကျောင်း ရေဝင်နစ်မြုပ်၍ ကျောင်းပိတ်ထားသည်ကို တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် စစ်တောင်းမြစ်ရေနှင့် ရွှေကျင်မြစ်ရေကြီးခြင်းကြောင့် အခြေခံပညာ ကျောင်းပေါင်း ၅၈ ကျောင်း ယာယီပိတ်ထားရကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရပြီး မြစ်ရေကြီးမှု ကြုံတွေ့နေရသော ရွှေကျင်မြို့နှင့် မဒေါက်မြို့မှ ရေဘေးသင့် ပြည်သူများအတွက် အကူအညီ အထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေမှာ သြဂုတ် ၅ ရက်မှစ၍ သက်ဆိုင်ရာ မြစ်များ၏ စိုးရိမ်ရေမှတ်အထက် သုံးပေကျော်အထိ ရုတ်တရက် မြင့်တက်ခဲ့ရာ စာသင်၍ မရတော့သော အခြေခံပညာ ကျောင်းများကို သြဂုတ် ၅ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရကာ မြစ်ရေပြန်လည် ကျဆင်းချိန်၏ စနေ၊ တနင်္ဂနွေရက်များတွင် ရေကြီးပိတ်ရက်များ အတွက် အစားထိုးပြန်လည်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ ရွှေကျင်မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက “ပထမနေ့က သုံးကျောင်းပိတ်တာ စုစုပေါင်း ၇၂၆ ဦးပျက်တယ်။ ဒုတိယနေ့ ၅ ရက် နေ့မှာ ခြောက်ကျောင်းပိတ်တာ လူဦးရေက ၁၁၆၅ ဦးပျက်တယ်။ ဒီနေ့ ၁၀ ကျောင်းမှာ ပိတ်တဲ့ဟာက ၁၆၅၆ ဦးပျက်တယ်။ လောလောဆယ်တော့ ဘာမှပြောလို့ မရသေးဘူး။ ရေအခြေအနေ ဘာမှမသိသေးတော့။ အဲဒီတော့ ပြန်ဖွင့်ပြီဆိုတာနဲ့ တစ်ပြိုင်နက် တနင်္ဂနွေ ဥပုသ် ပိတ်ထားတဲ့ကျောင်းက ဘာကိုရွေးချယ်ပြီးတော့ တက်မလဲ။ တစ်ရက်နားမလား ဒါမှမဟုတ် နှစ်ရက်စလုံး တက်မလား။ ဒါကတော့ သူတို့နဲ့ ပြန်ပြီးတော့ ညှိနှိုင်းပေးရမှာပေါ့” ဟု ဆိုသည်။
သြဂုတ် ၅ ရက်နှင့် ၆ ရက်စာရင်းများအရ ယာယီပိတ်ထားသော အခြေခံပညာ ကျောင်းများမှာ ညောင်လေးပင် မြို့နယ်တွင် ၂၇  ကျောင်း၊ ရွှေကျင်မြို့တွင် ၁၉ ကျောင်း၊ ကျောက်ကြီးမြို့နယ်တွင် ငါးကျောင်း၊ ဖြူးမြို့နယ်တွင် တစ်ကျောင်း၊ ကဝမြို့နယ်တွင် တစ်ကျောင်း၊ အုတ်တွင်းမြို့နယ်တွင် ငါးကျောင်း အပါအဝင် စုစုပေါင်းမြို့နယ် ခြောက်မြို့နယ်မှ စာသင်ကျောင်းပေါင်း ၅၈ ကျောင်းကို ယာယီပိတ်ထားရကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ထို့ပြင် မြစ်ရေကြီးခြင်းကြောင့် ရေဝင်ရောက်သော အနိမ့်ပိုင်းကျေးရွာများမှ ပြည်သူများနှင့် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်တို့မှ ပြည်သူများမှာလည်း ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး ကလေးများ ပါဝင်သော  ရေဘေးသင့် မိသားစုများအတွက် နေရေးထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ရေဘေးသင့် ပြည်သူများထံမှ သိရသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ ရွှေကျင်မြို့မှ ရေဘေးသင့်ပြည်သူ တစ်ဦးက “မိသားစုက များတော့ အခုလောလောလတ်လတ်က ဘုန်းကြီးကျောင်းအောက်ကို ပြောင်းလာတာ။ ဘုန်းကြီးကျောင်းအောက်က အခုရေတွေကမြုပ်တော့ ဘုရားပေါ်တက်မယ် ဆိုတော့ ဖျာတစ်ချပ်ပဲရှိတယ်။ မိသားစုအတူတူ ဘုရားပေါ်မှာ ငုတ်တုတ်ထိုင်နေရတာ အခုချိန်အထိပဲ။ မိသားစုနေမှုထိုင်မှုလေး နေလို့ရရင် တော်ပါပြီ။ အခုလောလောလတ်လတ်ပေါ့။ မိသားစု အကုန်လုံးပေါ့” ဟုဆိုသည်။
ရွှေကျင်မြို့မှ ရေဘေးသင့်ပြည်သူများ အခြေအနေနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက “ကျွန်တော်တို့ ရွှေကျင်မြစ်ရေမှတ်က ဒီနေ့အနေအထားနဲ့ဆိုရင် ၇၉၀ လောက် အမြင့်ဆုံး အနေအထားနဲ့ ရေမှတ်က တက်လာတယ်။ ပြောမယ်ဆိုရင် စိုးရိမ်ရေမှတ်အထက် ၉၈ စင်တီမီတာလောက် တက်ပါတယ်။ စစ်တောင်းမြစ်ရေမှတ်ကလည်း ၁၁၈၀ ကျော်ဘက်မှာ ရောက်သွားတဲ့ အခါမှာ ကျွန်တော်တို့ စတင်ပြီးတော့ အနိမ့်ပိုင်းဒေသတွေကနေ အိမ်တွေ စတင်ရွှေ့ပြောင်းခဲ့ရတာ တွေရှိပါတယ်။ အဲဒါ ကျွန်တော်တို့ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်လောက်နဲ့ ကျေးရွာအုပ်စု ခြောက်အုပ်စု၊ အဲဒီဒေသမှာရှိတဲ့ အိမ်ထောင်စုပေါင်း ၂၆၀ ကျော်၊ လူဦးရေပေါင်း ၁၃၀၀ ကျော်ကတော့ နီးစပ်ရာ ဆွေမျိုးတွေအိမ်၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ စသည်ဖြင့်ပေါ့။ ဒါက ယာယီရွှေ့ပြောင်းထားတဲ့ အခြေအနေ ရှိပါတယ်။ ကျွန်တော်တို့ မကြာမီမှာပဲ စနစ်တကျ လူဦးရေ ကောက်ခံရယူပြီးပြီ ဆိုရင်တော့ ကယ်ဆယ်ထောက်ပံ့တဲ့ ကိစ္စတွေမှာ ဆောင်ရွက်ဖို့ အစီအစဉ် ရှိပြီးသားပါ။ ဒီမှာလည်း ကျွန်တော်တို့ကတော့ အဓိက အခြေခံစားကုန်ဖြစ်တဲ့ ဆန်ရိက္ခာ၊ သောက်ရေသန့် ဒါလေးတွေကို စီမံထောက်ပံ့ နိုင်အောင်လို့တော့ ကျွန်တော်တို့ မြို့နယ်သဘာဝဘေး ကြီးကြပ်မှုကော်မတီ အနေနဲ့ ကြိုတင်စီမံ ဆောင်ရွက်ထားတာတွေ ရှိပါတယ်” ဟု ပြောကြားသည်။             

Eleven Media Group

0 comments:

Post a Comment