Friday, August 9, 2019

မန္တလေးအရိုးအထူးကုဆေးရုံ မော်တော်ယာဉ်အပ်နှံခွင့်တင်ဒါက ကိစ္စ ဌာနတွင်းမှစစ်ဆေးပြုလုပ်

ဆေးရုံဝန်းအတွင်း လုပ်ငန်းတင်ဒါခေါ်ယူရာတွင် ငွေကြေးတောင်းယူမှုများရှိသည်ဟုဆိုကာ ဆေးရုံအုပ်၊ ဌာနခွဲစာရေးနှင့် အငယ်တန်းစာရေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားသည့် အမှုကို ဌာနတွင်းမှာပင် သြဂုတ်လ ၈ ရက်နေ့မှ စတင်စစ်ဆေးလျက်ရှိကြောင်း တိုင်ကြားခံရသူနှင့် တိုင်ကြားသူတို့ထံမှ သိရသည်။
ခုတင် ၅၅၀ ဆံ့ အရိုးအထူးကုဆေးရုံမှ ဆေးရုံအုပ်၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဌာနခွဲစာရေးနှင့် အငယ်တန်းစာရေးတစ်ဦးတို့သည် ဆေးရုံဝန်းအတွင်း ဈေးဆိုင်ဖွင့်လှစ်ခွင့်၊ စက်ဘီးဆိုင်ကယ် စတင်းတင်ဒါနှင့် အဆောက်အဦးဆောက်လုပ်ရာတို့တွင် အဂတိလိုက်စားကာ သတ်မှတ်တင်ဒါကြေးထက်ကျော်လွန်ပြီး လုပ်ကိုင်ခွင့်ရရှိရေးအတွက် ငွေကြေးတောင်းယူခဲ့သည်ဟုဆိုကာ တင်ဒါလျှောက်ထားသူများနှင့် ဆေးရုံဝန်ထမ်း ၁၄ ဦးတို့က တိုင်တန်းခဲ့ခြင်းဖြစ်သည်။

“သူတို့ စွပ်စွဲထားတာကို တစ်ခုမှကို လုပ်မထားတာဗျာ။ အဲ့ဒီလိုလုပ်မထားတဲ့အတွက် အဂတိကောမရှင်က အဂတိမှုမမြောက်ဘူးဆိုပြီး ဝန်ကြီးဌာနကပဲ စစ်ဆေးဖို့ အကြောင်းကြားတဲ့အတွက် ဒီနေ့မှာ တိုင်တဲ့ဘက်ကို ရှေးဦးဌာနတွင်း စုံစမ်းစစ်ဆေးမှု လုပ်ပါတယ်။ ဒီနေ့ တိုင်တဲ့ဘက်ကို စစစ်နေပါတယ်”ဟု တိုင်ကြားခံရသူတစ်ဦးဖြစ်သည့် ယခင်ဌာနခွဲစာရေး (ယခု ကုသရေးဦးစီးဌာန ဦးစီးအရာရှိ-အုပ်ချုပ်/စီမံ) ဦးအောင်ကျော်ဦးက ပြောကြားသည်။

ဦးအောင်ကျော်ဦးသည် အဆိုပါဆေးရုံအတွင်း တည်ဆောက်ခဲ့သည့် ခြေတုလက်တုနှင့် အားပြုကိရိယာ အလုပ်ရုံတည်ဆောက်စဉ်က နိုင်ငံတော်က ချပေးခဲ့သည့် ဆောက်လုပ်ရေးပစ္စည်းများကို ကူမဲမြို့ရှိ ၎င်းပိုင် ဓာတ်ဆီဆိုင်ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ပို့ဆောင်ခဲ့ခြင်း၊ ဆေးရုံပိုင် လူနာတင်ယာဉ်များကို ကိုယ်ပိုင်လုပ်ငန်းများတွင် အသုံးပြုသည်ဟုဆိုကာ ဆောက်လုပ်ရေးဝန်ထမ်းများနှင့် ယာဉ်မောင်းတို့က တိုင်တန်းထားခြင်းဖြစ်သည်။

“ဒီနေ့တော့ တိုင်တဲ့ကျွန်တော်တို့ကို သုံးယောက်ပါတဲ့အဖွဲ့တစ်ခုက စစ်ဆေးပါတယ်။ ကျွန်တော်တို့ကတော့ ဒီအဖွဲ့က စစ်ဆေးမှုတွေ မျှတမယ်လို့ ယုံကြည်မျှော်လင့်တယ်။ ကျေလည်းကျေနပ်ပါတယ်။ ဒီက စစ်ဆေးတွေ့ရှိမှုတွေကို ဝန်ကြီးဌာနကို တင်၊ အဲ့ဒီကမှ အဂတိကော်မရှင်ကို တင်ပြမယ်လို့ ယူဆပါတယ်”ဟု တိုင်ကြားသူတစ်ဦးဖြစ်သည့် မော်တော်ယာဉ်အပ်နှံခွင့် တင်ဒါလျှောက်ထားသူ ဦးလွင်က ပြောကြားသည်။

ဦးလွင်သည် အရိုးရောဂါကုဆေးရုံဝန်းအတွင်း မော်တော်ယာဉ်အပ်နှံခွင့်တင်ဒါကို နှစ်စဉ်လုပ်ကိုင်လာသည်မှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်ပြီး ယခုနှစ်တွင်လည်း ဆက်လက်လုပ်ကိုင်ခွင့်ရရှိရေး တင်ဒါလျှောက်ထားရာတွင် သတ်မှတ်တင်ဒါကြေးအဖြစ် တစ်လအတွက် ဆယ်သိန်းကိုးသောင်းကျော်ကို သွင်းရသည့်အပြင် လုပ်ကိုင်ခွင့်ရရှိရေးတို့အတွက် ဆေးရုံအုပ်ကြီးထံ သိန်းလေးဆယ်ကျပ်ပေးရကြောင်း၊ ယင်းသို့ ပေးထားခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တင်ဒါကို အခြားလျောက်ထားသူတစ်ဦးကို ချပေးလိုက်ကြောင်း၊ ပေးထားရသည့် သိန်းလေးဆယ်ကိုလည်း ပြန်လည်ပေးအပ်ခြင်းမရှိကြောင်း ၎င်းက ပြောဆိုသည်။

တစ်လပေးသွင်းရသည့် အမှန်တကယ် ငွေပမာဏမှာ ဆယ်သိန်းကိုးသောင်းကျော်ဖြစ်သော်လည်း ဆေးရုံဘက်မှ ပြန်လည်ပေးအပ်သည့် ငွေသွင်းပြေစာတွင် သုံးသိန်းရှစ်သောင်းငါးထောင်သာ ဖော်ပြထားကြောင်းလည်း ဦးလွင်က ပြောကြားသည်။

ဆေးရုံအုပ်ကြီးနှင့် စာရေးနှစ်ယောက်တို့သည် အဂတိလိုက်စားကာ ငွေကြေးများ ရယူထားကြောင်းကို ယခုနှစ် မေလအတွင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
The Voice

0 comments:

Post a Comment