Thursday, August 8, 2019

၂၀၂၀ ရွေးကောက်ပွဲအတွက် မန္တလေးတိုင်း မဲစာရင်းများ စသွင်း

၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းသွင်းခြင်းလုပ်ငန်းများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
မဲစာရင်းများပြုစုနိုင်ရန်အတွက် ကနဦးအနေနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူဦးရေစာရင်းကောက်ယူခြင်းကို ဩဂုတ်လ နောက်ဆုံးထား ပြုလုပ်နေပြီး လက်ရှိအချိန်တွင် အုပ်ချုပ်ရေးဦးစီးဌာနမှ လူဦးရေစာရင်းများ ပေးပို့နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

“လွဲနေတာက အားလုံးဖြစ်နေတဲ့အတွက် ကလေးတွေကအစပါတယ်။ ဒါတွေကိုဖျက်ပြီးတော့ ၂၀၂၀ ဒီဇင်ဘာ ၃၁ နဲ့ ဖြတ်ပြီးတော့ ၁၈ နှစ်ပြည့်တဲ့သူတွေကို မဲစာရင်းထဲထည့်မှာဖြစ်ပါတယ်။ အခု မြို့နယ်တိုင်းကစပြီးလွဲနေပြီ။ တချို့နယ်တွေဆိုရင် သောင်းဂဏန်းအထိ လွဲနေတာတွေရှိနေပြီ”ဟု ၎င်းကဆိုသည်။ 

လူဦးရေ အချက်အလက်များ ကောက်ယူခြင်းနှင့် အခြေခံမဲစာရင်းပြုစုခြင်းလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင် စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံမှ သိရသည်။
The Voice

0 comments:

Post a Comment