Thursday, August 8, 2019

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းရှိ ခေါင်လန်ဖူးဒေသတွင် တရုတ်နိုင်ငံသို့ သစ်မှောင်ခို ခိုးထုတ်မှုများ ဖြစ်နေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ ပြောကြား

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ခေါင်လန်ဖူးဒေသတွင် သစ်မှောင်ခို သယ်ဆောင်လာသော ကားအချို့ကို တွေ့ရစဉ်
မြန်မာနိုင်ငံ မြောက်ဖျားပိုင်းရှိ ခေါင်လန်ဖူးဒေသတွင် တရုတ်နိုင်ငံသို့ သစ်မှောင်ခို ခိုးထုတ်မှုများ ဖြစ်နေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောကြားသည်။

လက်ရှိတွင် တပ်မတော်က သစ်လုံး တန်ပေါင်းများစွာကို ဖမ်းဆီးထားပြီး သစ်တောဝန်ထမ်းများ အနေဖြင့် ရာသီဥတုဆိုးရွားခြင်း၊ ဆက်သွယ်ရေး မရရှိခြင်း၊ လမ်းခရီးဝေးလွန်းခြင်းတို့ကြောင့် လက်ခံ ဆောင်ရွက်နိုင်ရန် ခဲယဉ်းနေခြင်း ဖြစ်ကြောင်း ဝန်ကြီးဦးဒါရှီလဆိုင်းက ဆိုသည်။
၎င်းက “ခေါင်လန်ဖူးဒေသမှာ သစ်မှောင်ခိုတွေ ထုတ်နေတာ ကြာပါပြီ။ လမ်းပန်းဆက်သွယ်ရေး၊ ခရီးလမ်းဝေးလွန်းတော့ ဝန်ထမ်းတွေလည်း ထိန်းသိမ်းဖို့ မလွယ်တဲ့ အခြေအနေပါ။ အဲဒီမှာ အဓိကရှိတဲ့ အဖွဲ့က ဦးအတန် ပြည်သူ့စစ်အဖွဲ့ ရှိတယ်။ အဲဒီအဖွဲ့က သစ်မှောင်ခို လုပ်တယ် ဆိုပြီးတော့လည်း ဒေသခံတွေ ကျွန်တော်တို့ကို ပြောပြတဲ့သူတွေက ပြောနေကြတယ်။ အဓိက မတားဆီးနိုင်တာက လမ်းပန်းဆက်သွယ်ရေး ခဲယဉ်းလို့ပါ”ဟု ပြောကြားသည်။
 ၂၀၁၆ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း  ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသရှိ မီးကော်ရွာ ဖဒါးတောင်၊ ခါငှားဝါဒီတောင်ကြော၊ ဇီးထန်နှင့် တဇယ်သွား လမ်းဟောင်းဆုံ၊ ဇီးထန်ရွာဝန်းကျင်၊ နန်ဆိန်ရွာဝန်းကျင်၊ ဒါလန်အုပ်စု၊ မလိဂန်ကျေးရွာဝန်းကျင်၊ လာတားကော်အုပ်စု၊ မထီဆွတ်ကျေးရွာ ဝန်းကျင်တွင်  ထင်းရှူးသစ်လုံးပေါင်း ၇၆၁၁ လုံး (၅၉၈၃ ဒသမ ၅၆၈ တန်)၊ စံကားဝါ သစ်လုံးပေါင်း ၁၅၈၂ လုံး (၁၀၁၂ ဒသမ ၇၃၀ တန်)၊ အုပ်စု(၅) တောင်ချယ်ရီသစ်လုံးပေါင်း ၅၆ လုံး(၄၇ ဒသမ ၅၆၈ တန်)၊ စုစုပေါင်း သစ်လုံးရေ  ၉၂၄၉ လုံး (၇၀၄၃ ဒသမ ၈၄၄ တန်) ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဖမ်းဆီးနိုင်ရေးအတွက် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက ကချင်ပြည်နယ် အစိုးရအဖွဲ့အား တိုက်တွန်းမှုဖြင့်  ကချင်ပြည်နယ် သစ်တောဌာန၊ တပ်မတော်၊ ရဲဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ကွင်းဆင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
 ခေါင်လန်ဖူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဂွမ်မူးက ”သစ်မှောင်ခို အဲဒီဘက်မှာ ထုတ်နေတာက နှစ်ပေါင်း ဆယ်ချီနေပါပြီ။ ယခင် ကာလများကလည်း လွှတ်တော်မှာ တင်ဖူးပါတယ်။ သက်ဆိုင်ရာဝန်ကြီးတွေ အပြောင်းအလဲကာလမှာ နှောင့်နှေးခဲ့တာတွေ ရှိပါတယ်။ ပွင့်လင်းရာသီမှာ စောစောထုတ်ရရင် သစ်တွေ အများကြီး ထုတ်နိုင်တယ်။ ဘယ်လောက် ထုတ်သွားတယ်ဆိုတာ မသိနိုင်ပါဘူး။ လမ်းကြောင်း အဓိက သုံးခုရှိတယ်။ နယ်ခြားမှတ်တိုင် ၃၀ ၊၃၁၊၃၅ ဝန်းကျင်ကနေ ထွက်နေတာပါ။ တချို့လမ်းပိုင်းတွေက မိုင် ၈၀၊ မိုင် ၆၀ ပေါ့။ အဲဒီလိုတွေပါ။ လမ်းခွဲတွေက အများကြီးရှိတာပေါ့။ တရုတ်လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး လုပ်ကြတာပေါ့။ လက်ညှိုးထိုးရောင်းတဲ့ ပုံစံတွေပေါ့။ တချို့နေရာတွေလည်း ရေခဲတောင်တွေပိတ် ပွင့်လင်းရာသီရောက်မှ ဖယ်ပြီး သယ်ထုတ်ကြတာပေါ့။  ကျွန်တော်တို့ တရားမဝင် လုပ်ငန်းတွေ မလုပ်ကြဖို့လိုလားပါတယ်”ဟု ပြောကြားသည်။
 သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက သစ်မှောင်ခိုလုပ်ငန်း လုပ်ဆောင်နေသည့် နေရာများမှာ မေခမြစ်နှင့် မလိခမြစ်တို့ ပင်မရေဝေရေလဲ ဒေသဖြစ်သဖြင့် ဧရာဝတီမြစ်၏ ရေအရင်းအမြစ် ထိခိုက်မည်ကိုလည်း စိုးရိမ်ရကြောင်း၊ ယင်းဒေသအတွင်းရှိ သားငှက်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ ကန့်ကွက်မှုများတွင်လည်း သစ်မှောင်ခိုလုပ်ငန်းတွင် ပါဝင် ပတ်သက်သူများက နောက်ကွယ်မှ သွေးထိုးမှုများ ရှိနိုင်ကြောင်း သုံးသပ်သည်။
၎င်းက “သားငှက်ထိန်းသိမ်းရေးစခန်းတွေ ဖျက်ဆီးခံရတဲ့ အခြေအနေမှာ သူတို့ရဲ့ သစ်မှောင်ခို လုပ်ငန်းတွေကို ထိခိုက်မှာကြောင့် နောက်ကွယ်ကနေ တို့မီးရှို့မီး လုပ်တာတွေ ရှိနိုင်တယ်။ နောက်ပြီး ဒေသခံတွေက သူတို့ရဲ့ စီပွားရေးလုပ်ငန်းကို ထိခိုက်မှာ၊ အစိုးရအဖွဲ့က အားလုံးကို ထိန်းချုပ်သွားမယ်။ လက်ဝါးကြီးအုပ်မယ်ဆိုတဲ့ အတွေးချော်တဲ့ အခြေအနေတွေလည်း ရှိမှာပါ။ သူတို့အကျိုးအတွက် ရေရှည်အတွက် လုပ်ပေးတယ် ဆိုတာကို သဘောမပေါက်နိုင်ကြဘူး။ သစ်မှောင်ခို ခိုးထုတ်တာကတော့ ရေရှည်မှာ အရမ်းအရေးကြီးတဲ့အတွက် လုံးဝမလုပ်စေချင်ဘူး”ဟု ဆိုသည်။
 ကချင်ပြည်နယ်တွင် သစ်တောကြိုးဝိုင်းပေါင်း ၇၁ ခု ဧကပေါင်း ၁၂၄၆၂၇၉ ဧက၊ ကြိုးပြင် ကာကွယ်တောပေါင်း ၃၄ ခု ဧကပေါင်း ၃၁၉၄၈၅၈ ဧက၊ အမျိုးသားဥယျာဉ်နှင့် ဘေးမဲ့တောပေါင်း ခုနစ်ခု ဧကပေါင်း ၄၉၄၅၁၅၁ ဧက ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ကချင်ပြည်နယ်အတွင်း ကုမ္ပဏီကြီးများက စိုက်ပျိုးမြေဧကပေါင်းများစွာ ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လာခြင်း၊ ဒေသခံများ တောင်ယာခုတ်ခြင်း၊ တရုတ်နိုင်ငံသို့ ဆယ်စုနှစ် သုံးခုနီးပါးကြာ မှောင်ခိုသစ်များ တင်ပို့ခြင်း၊ ထင်းလောင်စာ အဖြစ်အသုံးများခြင်း၊ တရုတ်နိုင်ငံက သဘာဝ တောရိုင်းတိရစ္ဆာန်များကို ပရဆေးများဖော်စပ်ရန် ဈေးကောင်းပေး ဝယ်ယူနေခြင်းကြောင့် သစ်တောသယံဇာတများမှာ ရှားပါး ပျောက်ကွယ်နေပြီ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment