Wednesday, August 7, 2019

ဧရာဝတီတိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနေသဖြင့် စာသင်ကျောင်းပေါင်း ၂၂ ကျောင်းပိတ်ထားရပြီး ရေဘေးရှောင်စခန်းများတွင် လူ ၇၀၀ ခန့်အထိ လာရောက်တိမ်းရှောင်နေရ

ရေကြီးနစ်မြုပ်နေသည့် လူနေအိမ်အချို့ (ပုံကြီး) နှင့် ရေဘေးရှောင်စခန်းတွင် နေထိုင်နေရသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- မင်းသူဝင်းထွဋ်)
ဧရာဝတီတိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနေသဖြင့် စာသင်ကျောင်းပေါင်း ၂၂ ကျောင်းပိတ်ထားရပြီး ရေဘေးရှောင်စခန်းများတွင် လူ ၇၀၀ ခန့်အထိ လာရောက်တိမ်းရှောင်နေရကြောင်း သိရသည်။

ပိတ်ထားရသည့် ကျောင်းများမှာ ဇလွန်မြို့တွင် ကျောင်း နှစ်ကျောင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းခြောက်ကျောင်း၊ ပုသိမ်မြို့နယ်တွင် ကျောင်းကိုးကျောင်း၊ မအူပင်မြို့နယ်တွင် ကျောင်း ငါးကျောင်း ပိတ်ထားရကြောင်း သိရသည်။
မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေသောကြောင့် ထပ်ပိတ်ရမည့် ကျောင်းအရေအတွက်များ ပိုတိုးလာနိုင်ပြီး ရေပြန်ကျမှသာ ကျောင်းများပြန်ဖွင့်ရန် ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားထားကြောင်း သိရသည်။
“သဘာဝအခြေအနေပေါ်မှာပဲ မူတည်ပြီးတော့ ကျွန်တော်တို့ စီစဉ်ပြီးတော့ ပြန်ဖွင့်ရမှာဖြစ်ပါတယ်။ လတ်တလောကတော့ ဘယ်နှရက်ပိတ်မယ်လို့ ကျွန်တော်တို့ မှန်းလို့မရဘူး။ ရေပြန်ကျလို့ ကျောင်းပြန်ဖွင့်တာနဲ့ အပတ်စဉ် စနေ၊ တနင်္ဂနွေသို့မဟုတ် အဖိတ်ဥပုသ်ပိတ်တဲ့ရက်တွေမှာ ကျောင်းအစားပြန်တက်ဖို့ ကျောင်းတွေအားလုံးက စီစဉ်ထားပါတယ်။ ပိတ်ထားရတဲ့ကျောင်းတွေမှာ ကျောင်းတိုင်းကိုတော့ ရေဝင်တာမဟုတ်ပါဘူး။ တချို့နေရာမှာကလေးတွေ၊ ကျောင်းသူ ကျောင်းသားတွေ သွားရမယ့်လမ်းခရီးမှာ ရေတွေလျှံနေတဲ့အတွက်ကြောင့် အန္တရာယ်ရှိမှာစိုးလို့ ကြိုပြီးတော့ပိတ်ထားရတဲ့ကျောင်းတွေလည်း ရှိပါတယ်။ အထူးသဖြင့်တော့ ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီးများ နောက်တစ်ခါ ကျေးရွာအုပ်ချုပ်ရေးမှူးများ ကျောင်းသားမိဘများနဲ့ ပူးပေါင်းပြီးတော့ ကလေးတွေအန္တရာယ်မရှိအောင်တော့ မျက်ခြေမပြတ်စောင့်ကြည့်ပြီးတော့ ညွှန်ကြားချက်ရှိပါတယ်။ ကူညီလျက်ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမန်းသိန်းကျော် က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေများ သိသာစွာတိုးမြင့်လာခြင်းမရှိသော်လည်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေများ ကျဆင်းခြင်း၊ ကွင်းရေများ လျှံတက်ခြင်းများကြောင့် အနိမ့်ပိုင်းဒေသများတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြောင်းမြမြို့နယ်ရှိ အနိမ့်ပိုင်း လူနေရပ်ကွက်များတွင် သုံးရက်ခန့်ထိ ရေဝင်ရောက်နေမှုများရှိနေပြီး ကံကော်မြိုင်ရပ်ကွက်တွင်မူ လူနေအိမ်များပါ နစ်မြုပ်လာမှုကြောင့် သြဂုတ် ၆ရက်မှ စတင်ကာ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိခဲ့ရကြောင်း၊ သြဂုတ် ရရက်တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ပိုမိုများပြားလာခဲ့ပြီး ရေဘေးရှောင်စခန်းများဖြစ်သည့် ကံကော်မြိုင်ဘုန်းကြီးကျောင်းတွင် ရေဘေးသင့်ပြည်သူ ၄၅၅ဦး၊ သရက်ကုန်း ဘုန်းကြီးကျောင်းတွင် ရေဘေးသင့် ပြည်သူ ၁၆၀၊ ပညာဇေယျံဘုန်းကြီးကျောင်းတွင် ရေဘေးသင့်ပြည်သူ ၈၃ ဦး စုစုပေါင်း ၆၉၇ ဦး လာရောက်ခိုလှုံနေရကြောင်း၊ ရေဝင်နစ်မြုပ်နေသည့် နေအိမ်များအား မြောင်းမြမြို့ အမှတ် ၉၃ ခြေလျင်တပ်ရင်းမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့နှင့် မြို့ပေါ်လူမှုရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
“လောလောဆယ် အဲဒီသုံးနေရာပေါ့ အဲဒီလိုတော့ နေကြရတယ်။ ကျွန်တော်တို့ကတော့ မြို့နယ်သဘာဝဘေး ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီကတော့ သောက်ရေသန့်ရရှိရေးနှင့် ဆန်နဲ့စားဖွယ်တွေပေါ့။ အဲဒါတွေ စီစဉ်ပေးနေပါတယ်။ နောက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လိုအပ်တာတွေ ကူညီဝိုင်းလုပ်ပေးနေကြပါတယ်။ အခုမိုးများတာ လေးရက်ရှိသွားပြီပေါ့နော်။ မိုးများတယ်။ နောက်ပြီးတော့ မြစ်ရေကလည်း စိုးရိမ်ရေအမှတ်ကို နည်းနည်းကျော်နေတာပေါ့နော် မိုးရေချိန်ကလည်း ၄ ဒသမ ၈ ဆိုတော့ အရမ်းများတယ်လေ။ အဲဒီတော့ မိုးကအခုထိ ရပ်လည်းနည်းနည်းပဲဆိုတော့ နောက်ထပ် သုံးလေးရက်လောက်ထိ မိုးများနေဦးမလားမသိတော့ ရေကပြန်မကျနိုင်ဘူး ဖြစ်နေတာပေါ့”ဟု မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်က ပြောသည်။
ရေဝင်နစ်မြုပ်နေသည့် ရပ်ကွက်များတွင် အိမ်သာများ၊ သောက်သုံးရေ အသုံးပြုနေရသည့် စက်ရေတွင်းများပါ ရေနစ်မြုပ်နေသည့် ဖြစ်စဉ်များကြောင့် ရေများပြန်လည် ကျဆင်းချိန်တွင် ဝမ်းလျှောဝမ်းပျက်ရောဂါများနှင့် အခြားသောရောဂါများပါ ဖြစ်ပွားလာမည်ကို ဒေသခံများမှလည်း စိုးရိမ်ပူပန်နေလျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment