Tuesday, August 13, 2019

တနင်္သာရီမှာ ကျေးရွာ၆၀ ကျော်ရေကြီးနေ၊ မလွှဲတောင်လမ်းပိုင်း ပြတ်တောက်နေလို့ စားကုန်ပစ္စည်းအချို့ ဈေးတက်


တင်္နသာရီမြို့မှာ မြို့ပေါ် ရပ်ကွက် ၂ခုအပါအ၀င် ရွာပေါင်း၆၄ ရွာမှာ ရေကြီးနေပြီး တနင်္သာရီမြို့ရဲ့ အဓိက လမ်းပိုင်းဖြစ်တဲ့ မလွှဲတောင်လမ်းပိုင်း ပျက်စီးသွားခဲ့တဲ့အတွက် စားကုန်ပစ္စည်းအချို့လည်း ဈေးတက်လာ တယ်လို့ ဒီကနေ့ သြဂုတ် ၁၃ရက်နေ့မှာ ဒေသခံတွေထံကသိရပါတယ်။

‘‘ ရေအမှတ်ကလည်း ၂၆ပေကျော်မှာရှိနေသေးတယ်။ တချို့နေရာတွေမှာတော့ အိမ်တွေအကုန်မြုပ်ကုန်တယ်။ ပြီးတော့ မလွှဲတောင်လမ်းပိုင်းကလည်း ပြင်နေတုန်းဆိုတော့ တချို့ပစ္စည်းတွေမြိတ်မှာပြတ်နေတာတွေ လည်းရှိတယ်။ ကျွန်တော့်တို့ဆီမှာ လမ်းက မလွှဲတောင်ကနေ ကော့သောင်းလမ်းပိုင်းတစ်ခုတည်းရှိတာ တခြားနေရာကနေ ပတ်ပြီးလာလို့ရတဲ့လမ်းမရှိဘူး။ ကုန်ဈေးနှုန်းမတက်ဖို့ကိုတော့ မြိတ်ဘက်နေ ထိန်းချုပ် နေတာတွေရှိတယ်’’လို့ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကပြောပါတယ်။
ဆန်ဈေးနှုန်းက အခုချိန်ထိ မတက်သေးပေမယ့် အခြားစားကုန်အချို့ကတော့ ပုံမှန်ထက် အနည်းငယ်တက်တာလည်းရှိတယ်လို့ တနင်္သာရီမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ချောင်းငယ်ရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
လမ်းပိုင်းပြတ်တောက်သွားတဲ့ မလွှဲတောင်လမ်းပိုင်းကို ဘေလီတံတားထိုးဖို့ အမြန်ဆုံးလုပ်ဆောင်နေပြီး နောက် ၃ရက်ခန့်အကြာမှာ ပြီးနိုင်မယ်လို့ ခန့်မှန်းထားကြောင်းလည်းသိရပါတယ်။
ရေကြီးနေတဲ့ရွာ ၆၀ ကျော်မှာ ရွာပေါင်း ၃၀ခန့်က လူနေထိုင်လို့ လုံးဝမရနိုင်တော့ဘဲ နေအိမ်တွေရေမြုပ်နေတဲ့အနေအထားမှာရှိတယ်လို့လည်း ဦးရဲမြင့်ဆွေကပြောပါတယ်။
လက်ရှိ တနင်္သာရီမှာ ရေဘေးသင့်ပြည်သူနှစ်သောင်းသုံးထောင်ကျော်ရှိနေပြီး အများစုမှာ ဆွေမျိုးအိမ် တွေကို ပြောင်းရွှေ့နေနေကြပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကတော့ ထောင် ဂဏန်းဝန်းကျင်သာရှိတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဦးရဲမြင့်ဆွေကပြောပါတယ်။


ဓာတ်ပုံ - Ye Myint Swe
ပုံစာ -တနင်္သာရီတိုင်းအတွင်းက ရေကြီးနေတဲ့ကျေးရွာအချို့

0 comments:

Post a Comment