Tuesday, August 13, 2019

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကြံပြုစာတမ်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရေးဆွဲနေ

ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ပြုလုပ်သည့် ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်းသည့် အကြံပြုစာတမ်း တစ်စောင်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရေးသားပြုစုနေကြောင်း သိရသည်။

စာတမ်းတွင် ရဲတပ်ဖွဲ့၏ သမိုင်းကြောင်းနှင့်အစချီကာ ရဲတပ်ဖွဲ့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကြောင့် ပြည်သူလူထု၏ လူ့အခွင့်အရေး ဆုံးရှုံးနစ်နာမှုများ၊ ယင်းအချက်များအပေါ် မည်သို့ဆက်လက် ဆောင်ရွက်သင့်သည် စသဖြင့် ထည့်သွင်း ရေးသားမည်ဖြစ်သည်ဟု စာတမ်းပြုစုနေသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“အကြမ်းထည်တော့ ပြီးနေပြီ။ အသေးစိတ်ချောဖို့ လိုသေးတယ်” ဟု ဦးယုလွင်အောင်က ပြောကြားသည်။
ပြည်သူလူထုက ၎င်းတို့၏ နစ်နာချက်များအပေါ် ရဲတပ်ဖွဲ့ထံ တိုင်ကြားရာတွင် အမှုဖွင့်မပေးခြင်း၊ ထိန်းသိမ်းစစ်ဆေးစဉ် ရိုက်နှက်စစ်ဆေးမှုများ၊ ဘက်လိုက် ဆောင်ရွက်ခြင်း စသည်တို့ကြောင့် ပြည်သူလူထု၏ လူ့အခွင့်အရေးဆိုင်ရာ နစ်နာဆုံးမှုများကို ထည့်သွင်း ရေးသားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ရဲတပ်ဖွဲ့ ရင်ဆိုင်နေရသည့် လစာ မလုံလောက်ခြင်း၊ နေရာထိုင်ခင်း မလုံလောက်ခြင်း အပါအဝင် အခြားသော အခက်အခဲများ ပါရှိမည်ဟု သိရသည်။
အဆိုပါ အချက်များအပေါ် မူတည်ပြီး နောင်တွင် မည်သို့ ဆောင်ရွက်သင့်သည်ဆိုသည့် အကြံပြုချက်များကို ထည့်သွင်း ရေးသားမည်ဟု ဦးယုလွင်အောင်က ပြောကြားသည်။

အကြံပြုစာတမ်း ရေးသားပြီးစီးပါက နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ မည်သို့ ပေးပို့ရမည်ကို ကော်မရှင် စုံညီအစည်းအဝေးဖြင့် ဆုံးဖြတ်မည်ဟု ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး အများဆုံး လက်ခံရရှိသည့် တိုင်ကြားစာမှာ အမှုဖွင့်မပေးခြင်းဖြစ်ပြီး တိုင်ကြားမှု ဒုတိယအများဆုံးမှာ တရားစွဲရမည့်သူကို စုံစမ်းဖော်ထုတ်ခြင်း မရှိဘဲ ကြန့်ကြာနေသည့် ကိစ္စဖြစ်ကြောင်း ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က ဇူလိုင် ၂၀ ရက်တွင် DVB သတင်းဌာနက ပြုလုပ်သည့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်ဖြင့် Debate အစီအစဉ်၌ ပြောကြားသည်။
ယင်းအဖွဲ့သည် ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်အပေါ် ကြန့်ကြာမှုများ ရှိခြင်းတို့အပေါ် အခမဲ့လိုက်ပါ ဆောင်ရွက်ပေးနေသည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အစည်း ဖြစ်သည်။
“ဒီကနေ့ အခြေအနေမှာက မှုခင်းကျဆင်းရေး ဆိုတာကို ကိန်းဂဏန်းနဲ့ ပြချင်လို့ အမှုမဖွင့်ပေးတဲ့ ပြဿနာဟာ ပြည်သူလူထု ဒီကနေ့ ခံစားနေရတဲ့ အရင်းခံ ပြဿနာဖြစ်ပါတယ်” ဟု ဦးခင်ဇော်က ပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့  ရောက်ရှိလာသည့် ပြည်သူလူထု၏ တိုင်ကြားစာများတွင်လည်း ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး တိုင်တန်းမှုက တတိယအများဆုံး နေရာတွင်ရှိကြောင်း သိရသည်။
ဇူလိုင် ၂၀ ရက်  DVB Debate တွင် ပါဝင်ဆွေးနွေးခဲ့သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က “ရဲစခန်းကို လာတိုင်တဲ့ အမှုတိုင်းက မှန်တယ်လို့ မဆိုလိုပါဘူး။ ရဲတပ်ဖွဲ့က Action ယူတဲ့အပိုင်းမှာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် မဆောင်ရွက်ဘူး။ မဆောင်ရွက်တဲ့အခါ ရဲတပ်ဖွဲ့ကို အများကြီး အထင်မှားစေတယ်။ ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာ ကျစေပါတယ်” ဟု ပြောကြားခဲ့သည်။   

Eleven Media Group

0 comments:

Post a Comment