Wednesday, August 7, 2019

ဘဏ္ဍာငွေ ရသုံးမှန်းခြေအစီရင်ခံစာတွင် ရငွေများပြည့်စုံစွာထည့်သွင်းလျာထားမှုမရှိခြင်း ပါဝင်

ဘဏ္ဍာငွေ ရသုံးမှန်းခြေအစီရင်ခံစာတွင် ရငွေများပြည့်စုံစွာထည့်သွင်းလျာထားမှုမရှိခြင်း ပါဝင်
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုအရသုံးငွေဘဏ္ဍာဆိုင်ရာအရအသုံးဆိုင်ရာအစီရင်ခံစာပါ စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုလွှတ်တော်တွင် တင်ပြလိုက်သည်။
သြဂုတ်လ ၇ ရက်ကကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး န၀မနေ့တွင် ယခုကဲ့သို့ဖတ်ကြားတင်သွင်းခဲ့ခြင်းဖြစ်သည်။
“ အရငွေနဲ့ ပတ်သက်တဲ့ အဓိကစစ်ဆေးတွေ့ရှိချက်များအနေနဲ့ ရသင့်ရထိုက်သည့် ပြည့်စုံစွာထည့်သွင်း လျာထားမှုမရှိခြင်း၊ လျော့နည်းရထားခြင်း၊ ရငွေများကိုလျာထားသည့်အတိုင်းရရှိမှုမရှိခြင်း၊ ငှားရမ်းခငွေများ၊ နှုန်းထားများမှာ ခေတ်ကာလနှင့်လျော်ညီမှုမရှိခြင်း၊ ယခင်နှစ်ကြွေးဟောင်းကြွေးကျန်များထည့်သွင်းလျာထားမှု မရှိခြင်း၊ ပြည်ပချေးငွေ ၊ အကူအညီရငွေဖြင့်ဆောင်ရွက်သည့်စီမံကိန်းများတွင် လုပ်ငန်းစီမံအတိုင်း အကောင်အထည်ဖော်နိုင်မှုမရှိခြင်း၊ချေးငွေစာချုပ် ပြင်ဆင်ချုပ်ဆိုဆဲဖြစ်ခြင်းတို့ဖြစ်ပါတယ်’’ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကပြောသည်။
ပြည်ထောင်စုအရ အသုံးခန့်မှန်းခြေငွေစာရင်းအကောင်အထည်ဖော်မှုတွင် မူလခန့်မှန်းခြေမှာ ကျပ်ဘီလျံ ၁၆၆၀၄၅၉၇ ဖြစ်ပြီး ပြုပြင်ပြီးခန့်မှန်းခြေမှာ ကျပ်ဘီလျံ ၁၈၈၃၀၅၄၂ ဖြစ်ကာ မတ်လအတွင်းအပြီးသတ်မှာ ကျပ်ဘီလျံ ၁၇၇၉၉ ၂၅၁ဖြစ်ပြီး ပြုပြင်ပြီးခန့်မှန်းခြေအပေါ်အကောင်အထည်ဖော်မှုမှာ ၉၄ ဒဿမ ၅၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
“ဌာနအဖွဲ့အစည်းများအနေဖြင့် ထိရောက်ကောင်းမွန်သည့်အရအသုံးခန့်မှန်းခြေငွေစာရင်းဖြစ်စေရန်  နှစ်စဉ်အရ ခန့်မှန်းခြေငွေစာရင်းများရေးဆွဲရာတွင် ရသင့်ရထိုက်သောရငွေများအပြည့်အ၀လျာထားစေရေး၊  ဘဏ္ဍာရေးနှစ်အတွင်းကောက်ခံရရှိနိုင်မှုနှင့်မမျှော်မှန်းနိုင်သောအခြေအနေအကြောင်းအရာများ ဖြစ်ပေါ်မှုများ အတွက်အချိန်နှင့်တစ်ပြေးညီ လျာထားစာရင်းတွင်ပါဝင်စေရေး၊ အမှန်ရရှိမှုနှင့်လျာထားငွေ ကွာဟမှုနည်းပါးစေရေး တို့ဖြစ်ပါတယ်”ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းမှ သုံးသပ်အကြံပြုချက်ကို ဖတ်ကြားခဲ့သည်။
ပြည်ထောင်စုဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၂ ဒဿမ ၆၃ ရာခိုင်နှုန်းနှင့် အသားတင်လိုငွေနှင့် ဂျီဒီပီ အချိုးမှာ ၂ ဒဿမ ၉၉ ရာခိုင်နှုန်းဖြစ်ကာ ပြည်ထောင်စု၏အသားတင်လိုငွေမှာ ယခင်နှစ်ထက် ၄၀၉ ဒဿမ ၀၆၈ ဘီလျံဖြစ်ကြောင်းသိရသည်။

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment