Friday, August 9, 2019

ဦးဝီရသူ၏ ပိုင်ဆိုင်မှုများကို ဝရမ်းကပ်ရန် ခရိုင်တရားရုံးက အမိန့်ချ

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုထားသော ဦးဝီရသူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ၎င်းပိုင်ဆိုင်သည့် ပစ္စည်းများကို ဝရမ်းကပ်ရန် ယနေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးမှ အမိန့်ချမှတ်လိုက်သည်။
ဦးဝီရသူမှာ ယနေ့ သြဂုတ် ၉ ရက်နေ့တွင် ရုံးတော်ရှေ့ လာရောက် အစစ်ဆေးခံရန် ထုတ်ပြန်ထားသော်လည်း မလာရောက်သဖြင့် အနောက်ပိုင်းခရိုင် တရားရုံးမှ ဦးဝီရသူ ပိုင်ဆိုင်သည့် ပစ္စည်းများကို ဝရမ်းကပ်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဝရမ်းကပ်ရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း ရုံးတော်မှ ဦးဝီရသူ၏ ပိုင်ဆိုင်မှုစာရင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသလို တရားစွဲဆိုခံရသူ ဦးဝီရသူအနေဖြင့်လည်း ရှေ့တစ်လဖြစ်သော စက်တင်ဘာ ၉ ရက်နေ့တွင် ရုံးတော်ရှေ့လာရောက်အစစ်ဆေးခံရန် ရုံးချိန်းရက် သတ်မှတ်ပေးခဲ့သည်။

ယနေ့ချမှတ်လိုက်သည့် အမိန့်အရ မန္တလေးမှ ခရိုင်တရားသူကြီးက ထပ်ဆင့်လက်မှတ်ရေးထိုး၍ မဟာအောင်မြေ ရဲစခန်းမှ ဦးဝီရသူ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို ဝရမ်းစွဲကပ် စစ်ဆေးရမည်ဖြစ်ကြောင်း တရားသူကြီးက တရားခွင်တွင် ပြောကြားခဲ့သည်။

ဦးဝီရသူမှာ မဟာဗန္ဓုလပန်းခြံရှေ့နှင့် မြိတ်မြို့နယ်တို့တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲများ၌ နိုင်ငံတော် အကြည်ညိုပျက်စေမည့် စကားလုံးများ ဟောပြောခဲ့ရာတွင် ပါဝင်ခဲ့သောကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင် ဒုထွေအုပ် ဦးစန်းမင်းက တရားလိုပြု တရားစွဲဆိုခဲ့ပြီးနောက် ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။
The Voice

0 comments:

Post a Comment