Monday, August 12, 2019

ရေစီးဆင်းမှု ရုတ်တရက်ပြတ်တောက်သွားသော ဓာတ်တော်ချိုင့်ရေတံခွန် တစ်ရက်အကြာတွင် ပုံမှန်အတိုင်း ပြန်လည်စီးဆင်း

သြဂုတ် ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ရေစီးဆင်းခြင်းမရှိတော့သော ဓာတ်တော်ချိုင့်ရေတံခွန်တွင် ရေလမ်းကြောင်းပြောင်းသွားသည့် ကလိုင်ပေါက်နေရာအား ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ပုံမှန်အတိုင်း ပြန်လည်စီးဆင်းခဲ့ကြောင်း သိရှိရသည်။

ပြင်ဦးလွင် အနီးစခန်းရှိ နာမည်ကျော် ဓတ်တော်ချိုင့်ရေတံခွန်တွင် သြဂုတ် ၁၁ ရက် နေ့ နေလယ်ပိုင်းက ဝုန်းဆိုသည့် အသံတစ်ခု ထွက်ပေါ်ခဲ့ပြီးနောက် ရေတံခွန်အောက်ခြေတွင် ရေစီးဆင်းမှု တဖြည်းဖြည်းလျော့နည်းလာကာ မွန်းလွဲ ၂ နာရီခန့်တွင်လုံးဝ ရပ်တန့်သွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ရေစီးဆင်းမှုပြတ်တောက်မှုနှင့် ပတ်သက်၍ ဒေသခံတာဝန်ရှိ အဖွဲ့အစည်းများမှ ရေတံခွန်အဆင့်ဆင့်သို့ တက်ရောက်ကာ စိစစ်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ ရေစီးသန်သည့် ရေတံခွန်ငယ် ခြောက်ခု ခုနစ်ခု စုပေါင်းစီးဆင်းကာ ဖြစ်ပေါ်လျက်ရှိသည့် ဓာတ်တော်ချိုင့်ရေတံခွန်အပေါ်အဆင့်ဆင့်ရှိ ရေတံခွန်ငယ်များ၌ ရေစီးဆင်းမှုပုံမှန်ရှိနေသော်လည်း ယခုကဲ့သို့ ရေစီးဆင်းမှု ပြတ်တောက်သွားခြင်းမှာ လမ်းခုလတ်တွင် ရေပျောက်သွားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ရေတံခွန်၏ အလယ်အဆင့် ကြမ်းပြင်တွင် တစ်ပေခွဲခန့်ရှိ ကလိုင်ပေါက်တစ်ခုကြောင့် ရေလမ်းကြောင်းပြောင်း၍ ရေတံခွန်အောက်ခြေတွင် ရေစီးဆင်းမှု ရပ်တန့်သွားခြင်းဖြစ်သည်ကို တွေ့ရှိခဲ့သည်။ ယင်းသို့ကလိုင်ပေါက်ဖြစ်သွားသော ရေတံခွန်အလယ်အဆင့်အား ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် အဖွဲ့အစည်းပေါင်းစုံမှ တာဝန်ရှိသူများပူးပေါင်းက ကျောက်တုံးများ၊ ဗြုန်းအိတ်များဖြင့် ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ပုံမှန်အတိုင်း ပြန်လည်စီးဆင်းခဲ့ခြင်းဖြစ်သည်ဟု ပြင်ဦးလွင်မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ ဦးမိုးဆွေက ပြောကြားခဲ့သည်။
“ရေတံခွန်မှာ ရေမကျတော့ဘူးလို့ စသိတဲ့မနေ့က နေ့လယ် ၁၁ လောက်ကစပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို ရေတံခွန်အောက်ခြေအထိဆင်းပြီး အဖြေလိုက်ရှာဖွေပါတယ်။ ဒီကနေ့မနက်မှာတော့ ရေတံခွန်ဒုတိယအဆင့်မှာ ရေကျတာနည်းတဲ့အတွက် ဆိုင်းကြိုးတွေနဲ့ ဆင်းပြီး စစ်တဲ့အခါ ကလိုင်ပေါက်ဖြစ်ပြီး ရေစုပ်နေတာကို တွေ့ရတယ်။ အဲဒါနဲ့ အဲဒီကလိုင်ပေါက်ကို ဗြုန်းသဲအိတ် ၅ အိတ်ချလိုက်တာ။ အဲဒီမှာ ရေတက်လာတယ်။ ဒါနဲ့နောက်ထပ် ကျောက်တွေရော ဗြုန်းအိတ် ၂၀ လောက်ချလိုက်တော့ လက်ရှိပုံမှန်လို ပြန်ကျလာတယ်။ သဘောကတော့ ကျနေတဲ့ ရေတံခွန်အလယ်အဆင့်မှာ ကလိုင်ဖြစ်ပြီး လမ်းကြောင်းလွဲသွားတာပါ။ ဒီနယ်မြေရဲ့ သဘောတရားက အပေါက်သေးသေးလေးကနေ ကလိုင်အထိဖြစ်တာမျိုးတွေ ရှိတတ်တယ်။ ဒါကြောင့် လူတွေအတွက် အန္တရာယ်တောင်ရှိနိုင်တယ်။ ကလိုင်ကဆွဲပြီး အောက်ထဲမြုပ်သွားနိုင်တယ်။ အခုတွေ့တဲ့ ကလိုင်က ရေတံခွန်ရဲ့အောက်ဘက် အရှေ့ဘက် စီးနေတဲ့ မြောင်းထဲကို စီးသွားတာတွေ့ရတယ်” ဟု ပြင်ဦးလွင်မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးမိုးဆွေက ပြောကြားခဲ့သည်။
ဓာတ်တော်ချိုင့်ရေတံခွန် အောက်ဆုံးအဆင့် ရေပြတ်တောက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဦးလွင် ရပ်ကွက်ကြီး ၁၇ ရာအိမ်မှူး ဦးဝင်းနိုင်ဦးကလည်း “အပေါ်ဒုတိယရေတံခွန်လို့ ခေါ်တာပေါ့။ အဲဒီဒုတိယရေတံခွန်မှာ သုံးဆင့်ကျနေတာရှိတယ်။ ရေက အဲဒီအလယ်အဆင့်ကနေ တတိယအဆင့်ကို မကျော်တော့တာ။ အဲဒီမှာ ပြောမယ်ဆိုရင် တစ်ပေခွဲပတ်လည်လောက်ရှိတဲ့ ကလိုင်ပေါက်ကို မီးသတ်တပ်ဖွဲ့ဝင်တွေက မြေကြီးတွေ ကျောက်အိတ်တွေသဲတွေ အကုန်ဖြည့်ပြီးပိတ်လိုက်မှ ရေကပြန်တက်လာတယ်။ အဲဒါနဲ့ ကလိုင်ပေါက်ကို ထပ်ပြီးသေသေချာချာ ပြန်ပိတ်လိုက်တော့ရေက ပုံမှန်အတိုင်း ပြန်ကျလာတယ်။ အဲဒီကလိုင်ပေါက်က ရေတံခွန်ရေကျပေါက်ရဲ့ ပေ ၅၀ လောက်အကွာမှာ ရေနောက်တွေ အမှိုက်တွေနဲ့ ရောပြီး ပြန်ထွက်လာတာကို တွေ့ရပါတယ်။ အခုလို ရေတံခွန် ပုံမှန်ပြန်ဆင်းအောင် အဖွဲ့အစည်းပေါင်းစုံနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုလို ရေတံခွန်မှာ ရေအရင်းအမြစ်ပျောက်မသွားအောင် ဆက်ပြီးထိန်းသိမ်းသွားပါမယ်။ ဒီလို သဘာဝအရင်းအမြစ် မပျောက်ပျက်ဖို့က ဒီမှာဈေးရောင်းချတဲ့သူတွေရော လာရောက်ကြတဲ့သူတွေရော တာဝန်ရှိသူတွေရော အားလုံး ၀ိုင်းဝန်းစောင့်ရှောက်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်းတွင် ရေထွက်ပေါက် ရေအရင်းအမြစ် ပေါများစွာ တည်ရှိလျက်ရှိပြီး နာမည်ကျော် ဓာတ်တော်ချိုင့် ရေတံခွန်တွင် ယခုကဲ့သို့ ရေခန်းခြောက်ပြတ်တောက်ခြင်းမျိုး ဖြစ်ပေါ်ခဲ့ခြင်းမရှိသောကြောင့် ရေတံခွန်အား အမှီပြုရပ်တည်နေရသော ဒေသခံများမှာ ရေတံခွန်တွင် ရေလုံးဝခန်းခြောက်သွားမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။      

Eleven Media Group

0 comments:

Post a Comment