Sunday, August 11, 2019

ရွာလုံးကျွတ် ရေနစ်မြုပ်ခဲ့သည့် ရေးမြို့နယ် မာန်အောင်ကျေးရွာသို့ လူမှုကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိ


ဓာတ်ပုံ - အောင်မျိုးသန့်၊ ဘိုဘိုမြင့်၊ နေမျိုးဝင်း
ရွာလုံးကျွတ် ရေနစ်မြုပ်ခဲ့သည့် ရေးမြို့နယ် မာန်အောင်ကျေးရွာသို့ ကယ်ဆယ်ရေးအဖွဲ့များ သြဂုတ် ၁၂ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။


မိုးများပြီး ရေကြီးမှုကြောင့် ရွာလုံးကျွတ် နစ်မြုပ်ခဲ့သည့် အဆိုပါ မာန်အောင်ကျေးရွာမှာ လူ ၈၀၀ နီးပါးခန့် နေထိုင်သည့် ကျေးရွာကြီး တစ်ရွာဖြစ်သည်။

“ရေကြီးတုန်းက သွားလာဖို့တောင် မလွယ်ဘူး။ တစ်အိမ်နဲ့ တစ်အိမ် ချည်ထားတဲ့ ကြိုးတွေသုံးပြီး သွားခဲ့ရတယ်” ဟု အဆိုပါ ကျေးရွာသို့ ရောက်ရှိနေသည့် The Daily Eleven သတင်းအဖွဲ့မှ သတင်းထောက်က ပြောကြားသည်။

အဆိုပါ ကျေးရွာတွင် ရေကြီးမှုကြောင့် လူသေဆုံးခြင်း မရှိကြောင်း၊ လူမှုကူညီရေး အဖွဲ့များက ခေါက်ဆွဲခြောက်၊ ရေသန့် စသည့်အစားအသောက်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

သြဂုတ် ၉ ရက်မှ စတင်ကာ မိုးကြီးမှုကြောင့် မွန်ပြည်နယ် ပေါင်မြို့နယ်၊ ရေးမြို့နယ်နှင့် ရေးမြို့တောင်ပိုင်း ကျေးရွာများတွင် တောင်ပြိုခြင်း၊ ရေကြီးနစ်မြုပ်ခြင်းများ ကြုံတွေ့ခဲ့ရသည်။ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင် ပြိုကျမှုတွင် သြဂုတ် ၁၂ ရက် နံနက် ၇ နာရီ ၃၃ မိနစ်အထိ သေဆုံးသူ ရုပ်အလောင်း တစ်လောင်း ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူ ၅၄ ဦးရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။





Eleven Media Group

0 comments:

Post a Comment