Tuesday, August 13, 2019

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ စက်မှုကဏ္ဍမှ လုပ်ငန်း နှစ်ခုအား ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - DICA)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် စက်မှုကဏ္ဍမှလုပ်ငန်း နှစ်ခု ခွင့်ပြုခဲ့ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၆၅ သန်းနှင့် ကျပ် ၁၈ သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၉ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကော်မရှင်၏ (၁၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား သြဂုတ် ၁၃ ရက်တွင် ရန်ကုန်မြို့ ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း ၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ သန်းမြင့် နှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း (၄၉) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ ၁၂ ခု တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁,၇၅၂ ခု ရင်းနှီး မြှုပ်နှံ လျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၀,၈၉၂.၀၆၁ ဖြင့် ရင်းနှီး မြှုပ်နှံရန် ခွင့်ပြုမိန့် များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇.၇၂ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ လျှပ်စစ် ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ ၂၆.၁၈ ရာခိုင်နှုန်း ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ ၁၃.၈၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။


(Xinhua)

0 comments:

Post a Comment