Tuesday, August 13, 2019

တနင်္သာရီမြစ်ရေကြီးမှုတွင် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသော တပ်မတော်သားတစ်ဦး ရေနစ်သေဆုံး

တနင်္သာရီမြစ်ရေကြီးမှုတွင် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသော တပ်မတော်သားများအား တွေ့ရစဉ်
တနင်္သာရီမြစ်ရေကြီးမှုတွင် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသော တပ်မတော်သားတစ်ဦး ရေနစ်သေဆုံး ခဲ့ရကြောင်း သိရသည်။

တနင်္သာရီမြစ် ရေကြီးမှု ဖြစ်စဉ်အတွင်း တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကားလမ်း ရေကျော်နေသည့် နေရာတွင် ခရီးသည်များအား လှေဖြင့် ကူညီပို့ဆောင်ပေးခြင်းများ၊ လမ်းပြကူညီ ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

တနင်္သာရီမြစ်ရေမှာ အန္တရာယ်ရေအမှတ်ကို ကျော်လွန်နေသည့်အတွက် နယ်မြေခံ တပ်ရင်းများမှ တပ်မတော်သားများက ကျေးရွာအသီးသီးတွင် ကူညီဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၁၂ ရက်တွင် ညောင်ပင်ကွင်းကျေးရွာ အနောက်ကမ်းတွင် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ ခမရ (၅၆၁) တပ်ရင်းမှ တပ်သား သောင်းချေ (၃၄ နှစ်) (ဘ) ဦးဖြူသန်းမှာ ရေနစ်သေဆုံး သွားခဲ့ရကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း အနောက်ကမ်းကျေးရွာနှင့် အရှေ့ကမ်းကျေးရွာအကြား ကားလမ်းမှာ ရေအနက် ခုနစ်ပေခန့်၊ အရှည် ပေ ၉၀၀ ခန့် ရေကျော်နေရာ ခမရ (၅၆၁) တပ်ရင်းမှ တပ်မတော်သားများမှာ ခရီးသွား ပြည်သူများအား ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေရင်း လှေဖြင့် ညောင်ပင်ကွင်း အနောက်ကမ်းသို့ သွားရောက်စဉ် ထန်းပင်ကုန်းကွင်းစပ်အရောက် ရေစီးသန်သည့်နေရာတွင် စက်လှေပန်ကာမှာ ချုံနွယ်ဖြင့် ချိတ်မိနေသောကြောင့် တပ်သားသောင်းချေက လှေပေါ်မှ ရေထဲသို့ ဆင်းကာ ပန်ကာတွင် ငြိမိနေသည့် ချုံနွယ်များအား ဆင်းဖြုတ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နေစဉ် တပ်သားသောင်းချေမှာ ရေစီးနှင့် မျောပါသွားခဲ့ရာ ဗိုလ်ကြီးချမ်းမြေ့အောင်နှင့် တပ်စိတ်တစ်ခုက လိုက်လံရှာဖွေရာ ညပိုင်းတွင် တပ်သားသောင်းချေ၏ အလောင်းအား ဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှ တစ်ဖာလုံခန့် အကွာတွင် ရေနစ်သေဆုံးလျက် တွေ့ခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်သားသောင်းချေ သေဆုံးမှုအား တနင်္သာရီမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၂၈/၂၀၁၉) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

တနင်္သာရီမြစ်ရေမှာ သြဂုတ် ၁၃ ရက် နံနက် ၈ နာရီတိုင်းထွာချက်အရ အန္တရာယ် ရေအမှတ်ဖြစ်သည့် ၂၄ ပေထက် ကျော်လွန်နေဆဲဖြစ်ကာ ၂၆ ပေ ၃ လက်မအထိ ရှိနေကြောင်း သိရသည်။            

Eleven Media Group

0 comments:

Post a Comment