Thursday, July 11, 2019

ဇူလိုင် ၉ ရက်အထိ H1N1 သံသယလူနာ ၅၁၇ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၁၈၆ ဦးတွင် ၃၄ ဦးသေဆုံးပြီး ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် လှိုင်သာယာတို့တွင် ဖြစ်ပွား/သေဆုံးနှုန်း မြင့်တက်


ဇူလိုင် ၉ ရက်အထိ H1N1 သံသယ လူနာ ၅၁၇ ဦးအနက်ရောဂါပိုးတွေ့ရှိသူ ၁၈၆ ဦး၊ သေဆုံးသူ ၃၄ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် လှိုင်သာယာမြို့နယ်များတွင် ဖြစ်ပွားသေဆုံးနှုန်း မြင့်တက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။
ဇန်နဝါရီမှ ဇူလိုင် ၉ ရက်အထိ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza like illness- ILI) ဖြစ်ပွားသူ ၁၆၀ အနက် A(H1N)ဖြစ်ပွားသူ ၁၇ ဦး၊ A(H3N2) ဖြစ်ပွားသူ ၁၀ ဦး၊ Influenza B ဖြစ်ပွားသူ ခုနစ်ဦးရှိကြောင်းနှင့် လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Infection - SARI) ဖြစ်ပွားသူ ၃၅၇ ဦးအနက် A(H1N1) ဖြစ်ပွားသူ ၁၃၈ ဦး၊ A(H3N2) ဖြစ်ပွားသူ ခုနစ်ဦး၊ Influenza B ဖြစ်ပွားသူ ခုနစ်ဦးရှိကြောင်း သိရသည်။
“ဇူလိုင် ၉ ရက်အထိ တိုင်းနဲ့ ပြည်နယ်တွေရဲ့ ဖြစ်နှုန်းကို ကြည့်မယ်ဆိုရင် လက်ရှိအချိန်အထိ ရန်ကုန်က အများဆုံးပါ။ ဓာတ်ခွဲစစ်ဆေးသူ ၂၇၆ ဦးမှာ အတည်ပြုလူနာ ၁၁၂ ဦးရှိပြီး သေဆုံးသူ ၂၇ ဦးအထိ ရှိပါတယ်။ လက်ရှိရန်ကုန်မှာဆိုရင် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ သင်္ဃန်းကျွန်းမြို့နယ်တွေက ဖြစ်ပွားနှုန်းများနေပါတယ်။ သေဆုံးနှုန်းတွေအရဆိုရင်တော့ ဒဂုံမြို့သစ် (တောင်ပိုင်း)နဲ့ လှိုင်သာယာမြို့နယ်တွေက အများဆုံးပါပဲ” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်ရာသီ တုပ်ကွေးရောဂါ ဓာတ်ခွဲ အတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေ စာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၉ ရက်အထိ ရန်ကုန်တွင် ဓာတ်ခွဲစစ်ဆေးသူ ၂၇၆ ဦးအနက် အ တည်ပြုလူနာ ၁၁၂ ဦး၊ သေဆုံး၂၇ ဦး၊ ဧရာဝတီတွင် ဓာတ်ခွဲစစ်ဆေးသူ ၂၄ ဦးအနက် အတည်ပြုလူနာ ၁၀ ဦး၊ သေဆုံး သုံးဦး၊ စစ်ကိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူခြောက်ဦးအနက် အတည်ပြုလူနာ လေးဦး၊ သေဆုံးနှစ်ဦး၊ မွန်တွင် ဓာတ်ခွဲစစ်ဆေးသူ ခြောက်ဦးအနက် အတည်ပြုလူနာသုံးဦး၊ သေဆုံးတစ်ဦး၊ ပဲခူးတွင် ဓာတ်ခွဲစစ်ဆေးသူ ၂၂ ဦး အနက် အတည်ပြုလူနာ ခုနစ်ဦး၊ သေဆုံးသူတစ်ဦးရှိခဲ့ကြောင်းနှင့် နေပြည်တော်တွင် ဓာတ်ခွဲစစ်ဆေးသူ ၃၀ အနက် အတည်ပြုလူနာ ၁၁ ဦး၊ မကွေးတွင် ဓာတ်ခွဲစစ်ဆေးသူ ၁၄ ဦးအနက် အတည်ပြုလူနာခုနစ်ဦး၊ မန္တလေးတွင် ဓာတ်ခွဲစစ်ဆေးသူလေးဦးအနက် အတည်ပြုလူနာနှစ်ဦး၊ ရခိုင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၃၈ ဦးအနက်အတည်ပြုလူနာ ၁၅ ဦး၊ ရှမ်း(မြောက်)တွင် ဓာတ်ခွဲစစ်ဆေးသူခြောက်ဦးအနက် အတည်ပြုလူနာ သုံးဦး၊ ရှမ်း (တောင်)တွင် ဓာတ်ခွဲစစ်ဆေးသူနှစ်ဦးအနက် အတည်ပြု လူနာနှစ်ဦး၊ ရှမ်း (အရှေ့)တွင် ဓာတ်ခွဲစစ်ဆေးသူတစ်ဦးအနက် အတည်ပြုလူနာမရှိ၊ တနင်္သာရီတွင် ဓာတ်ခွဲစစ်ဆေးသူတစ်ဦးအနက် အတည်ပြုလူနာတစ်ဦး၊ ကချင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၄၂ ဦးအနက် အတည်ပြုလူနာရှစ်ဦး၊ ချင်းတွင် ဓာတ်ခွဲစစ်ဆေးသူနှစ်ဦးနှင့် ကရင်တွင် ဓာတ်ခွဲစစ်ဆေးသူ ၄၃ ဦးအနက် အတည်ပြု လူနာတစ်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေစာရင်းအရ ဖြစ်ပွားသူဦးရေ အများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်)၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(အရှေ့)၊သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်)၊ ကြည်မြင်တိုင်၊ မရမ်းကုန်း၊ သာကေတမြို့နယ်များဖြစ်ပြီး သေဆုံးသူဦးရေအများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်)ပိုင်းတို့ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

0 comments:

Post a Comment