Wednesday, July 10, 2019

မန္တလေးတွင် H1N1 သံသယရှိလူနာ ၆ ဦးအနက် နှစ်ဦးတွင် ရောဂါပိုးတွေ့

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် H1N1 ရာသီတုပ်ကွေးရောဂါပိုးကူးစက် ခံရသည့်သံသယရှိလူနာ ခြောက်ဦးရှိသည့်အနက်မှ လူနာနှစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သော်လည်း ကူးစက်ခံရသူ လူနာနှစ်ဦး အပါအဝင် သံသယရှိသူများ အားလုံး ကျန်းမာရေးကောင်းမွန်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က အတည်ပြုပြောကြားသည်။
“ခြောက်ဦးလုံးကို စစ်ဆေးကြည့်တော့ နှစ်ဦးက H1N1 ပိုးတွေ့တယ်။ ပိုး တွေ့တဲ့နှစ်ဦးနဲ့ သံသရှိသူတစ်ဦးကလည်းကောင်းလို့ ဆေးရုံကဆင်းသွားပါပြီ။ ကျန်တဲ့သုံးဦးကတော့ H1N1 ရောဂါပိုး ကူးစက်ခံရခြင်းမရှိတဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ၎င်းကဆိုသည်။
မန္တလေးဆေးရုံကြီးနှင့် မန္တလေး ခုတင် ၅၅၀ ကလေးဆေးရုံသို့ တက်ရောက်ဆေးကုသခဲ့သည့် မန္တလေးတိုင်းမှ လူနာ ၃ ဦး၊ စစ်ကိုင်းတိုင်းမှ လူနာ ၂ ဦးနှင့် ရန်ကုန်တိုင်းမှ လူနာတစ်ဦးတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
H1N1 ရောဂါပိုးကူးစက်ခံရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့် လူနာနှစ်ဦးစလုံးသည် ဆေးရုံမှဆင်းကာ နေအိမ်များသို့ ပြန်သွားပြီဖြစ်ကြောင်း သိရပြီး၊ သံသယရှိလူနာစာရင်း ဝင်ခဲ့သော်လည်း ရောဂါပိုးမတွေ့ရသည့် လူနာများမှာလည်း သက်သာကောင်းမွန်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးရောဂါ (H1N1 ) သံသယရှိလူနာ ၅၀၂ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပိုးတွေ့ရှိသူ ၁၈၀ ဦးရှိပြီး ၃၁ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရာသီတုပ်ကွေး H1N1 ရောဂါသည် ရောဂါပိုးကူးစက်ခံရချိန်မှစ၍ တစ်ရက်မှ လေးရက်အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခဏာများမှာ အပူချိန် ၃၈ ဒီဂရီစင်တီ ဂရိတ်နှင့်အထက် ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ဖြစ်သည်။
ယင်းထက် ရောဂါပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်ထားသည်။
The Voice

0 comments:

Post a Comment