Wednesday, July 31, 2019

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သော ဗုဒ္ဓမြတ်စွာဘုရားပုံပါ ပန်းချီကားသည် ဗုဒ္ဓဘာသာဝင်များ၏ စိတ်နှလုံးကို နာကြည်းစေခြင်းကြောင့် အမေရိကန်သံအမတ် အပါအဝင် သုံးဦးအား တရားစွဲမည်ဟုဆို

အမေရိကန်သံရုံးက လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ခဲ့ပြီး ပြန်လည် ဖြုတ်ချခဲ့သည့် ပန်းချီကားအား တွေ့ရစဉ်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသော ဗုဒ္ဓမြတ်စွာဘုရားပုံပါ ပန်းချီကားသည် ၈၆ ရာခိုင်နှုန်းသော ဗုဒ္ဓဘာသာဝင်များ၏ စိတ်နှလုံးကို နာကြည်းစေခြင်းကြောင့် အမေရိကန်သံအမတ်၊ ပန်းချီကားရေးဆွဲသူနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာသို့  Post တင်သူတို့ကို သြဂုတ် ၁ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထား တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက ပြောကြားသည်။

“ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကြည့်ရင်လည်းပဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကို နာကြည်းစေတယ်။ တမင် မသမာသောအကြံဖြင့် ပြုလုပ်ထားတယ်။ အခြားသော ဘာသာဝင်တွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်းပဲ ဒီကိစ္စဟာ ဗုဒ္ဓဘုရားအပေါ်မှာ အထင်သေးစရာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၈၆ ရာခိုင်နှုန်းသော ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်နှလုံးကို နာကြည်းစေအောင် လုပ်ခြင်းကြောင့် ဘုန်းကြီးက သာသနာတော်ကို ညှိုးနွမ်းတဲ့ ပုဒ်မ ၂၉၅ -(က) နဲ့ တရားစွဲမှာပါ” ဟု ဆရာတော် ဦးပါမောက္ခက ဇူလိုင် ၃၁ ရက်တွင် မိန့်ကြားသည်။
ထိုသို့ တရားစွဲရာတွင် တရားသူကြီး၏ ဆင်ခြင်တုံတရားအရ အဆုံးအဖြတ်ပေးမှုအား လိုက်နာမည် ဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခ ဆက်လက် မိန့်ကြားသည်။
“အမေရိကန်သံအမတ် စကော့မာစီရယ်က မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေကို လိုက်နာရမှာလား။ အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံကို လိုက်နာရမှာလား ဆိုတော့။ သို့သော် အမေရိကန်သံအမတ် ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို စော်ကားခွင့်ရမလား ဆိုရင်တော့ မနက်ဖြန် (ယနေ့) သဲသဲကွဲကွဲ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ နောက်က တရားသူကြီးကို ဖိအားပေးမယ့် သူတွေရှိမလား ဆိုတာတော့ မနက်ဖြန်ခါ ၁၀ နာရီမှာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားကိုတော့ လိုက်နာရမှာပေါ့နော်”ဟု ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်ထားသည့် ဗုဒ္ဓမြတ်စွာဘုရားပုံ ပန်းချီကားအပေါ် လူမှုကွန်ရက် စာမျက်နှာများတွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချမှုများ ရှိခဲ့သည်။
အဆိုပါ ပန်းချီကားအား Air Pollution by Factories ဟု အမည်ပေးထားကြောင်း အမေရိကန်သံရုံးက ဖော်ပြခဲ့ပြီး “စက်ရုံတွေဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး လူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတဲ့ သစ်တောပြုန်းတီးမှုတွေကို ဆက်လက် ဖြစ်ပေါ်စေပါတယ်။ ဒီလို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းအတွက် မိမိတို့အနေနဲ့ တာဝန်ယူ တာဝန်ခံသင့်ပါတယ်”  Air Pollution by Factories ဟု အမည်ပေးထားသော ပန်းချီကား ရေးဆွဲရခြင်း၏ နောက်ကွယ်မှ စိတ်ကူးခံစားချက်ဟူ၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ပန်းချီကားနှင့်အတူ ရေးသားထားသည်။
ယင်းပန်းချီကားတွင် စက်ရုံအလုပ်ရုံများနှင့်အတူ ဗုဒ္ဓမြတ်စွာဘုရား ပုံသဏ္ဌာန်အား ရေးဆွဲကာ ဗုဒ္ဓ၏ မျက်နှာတော်တွင် ဓာတ်ငွေ့ကာ မျက်နှာဖုံး အုပ်ထားသည့်ပုံစံကို ရေးဆွဲထားခြင်း ဖြစ်သည်။
ထိုသို့ ကန့်ကွက်ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည့် ပန်းချီကားအား ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၎င်းတို့၏ Facebook စာမျက်နှာမှ ပြန်လည် ဖြုတ်ချခဲ့ကြောင်း သိရသည်။
ထို့ပြင် အမေရိကန်သံရုံးက ၎င်းတို့၏ Facebook စာမျက်နှာတွင် အဆိုပါ ပန်းချီကားနှင့် ပတ်သက်၍ ယင်းလက်ရာသည် ပရိသတ်များနှင့် ၎င်းတို့၏ ယုံကြည်မှုအပေါ် တိုက်ခိုက် ပုတ်ခတ်သည့်သဘော သက်ရောက်သည်ဟု အများက ယူဆသည့်အလျောက် အဆိုပါ အနုပညာလက်ရာအား မိမိတို့စာမျက်နှာမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှုတို့အပေါ် လေးစားကြောင်း ပြန်လည် ရေးသားခဲ့သည်ကို တွေ့ရသည်။

Eleven Media Group

0 comments:

Post a Comment