Wednesday, July 10, 2019

မြန်မာနိုင်ငံမြောက်ဖျားပိုင်း ဒေသများတွင် မိုးကြီးသဖြင့် ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်ပြီး ပျက်စီးဆုံးရှုံးမှုများရှိနေ


မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသများတွင် မိုးကြီးသဖြင့် ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံမြောက်ဘက်အကျဆုံးမြို့နယ်ဖြစ်သည့် နောင်မွန်မြို့နယ်သို့ ဆက်သွယ်ရေးများ ပြတ်တောက်နေပြီး ရွာချင်းဆက် ကြိုးတံတားအများစုမှာ ရေထဲမျောပါသွားသည့် အခြေအနေဖြစ်နေကြောင်း နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ဆိုသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က “အဆက်အသွယ်ပြတ်နေတာက ဇူလိုင် ၈ ရက်ညနေပိုင်းကတည်းကပါ။ မနေ့ကတော့ နောင်မွန်မြို့ကို သွားလို့ရတဲ့ လမ်းတွေအားလုံး ရေကျော်နေတယ်။ ဆယ်စုနှစ်သုံးလေးခုအတွင်းမှာ ဒါဟာ အကြီးမားဆုံး မိုးကြီး၊ ရေကြီး၊ မြေပြိုတဲ့ ဘေးလို့ သိရတယ်။ အဆက်အသွယ်တွေ ပြတ်သွားတော့ ဘယ်လောက်ဆုံးရှုံးနေတယ် မသိရဘူး။ ကျွဲ၊ နွားတိရစ္ဆာန်တွေ ဆုံးရှုံးတယ်။ မြေပြိုတယ်။ ရွာချင်းဆက်ကြိုးတံတားတွေ ရေထဲပါသွားတယ်” ဟု ဆိုသည်။
ဇွန် ၁၀ ရက် ညနေ ၄ နာရီမှတ်တမ်းများအရ မြစ်ကြီးနားမြို့တွင် မိုးရေချိန်လက်မ သုည ဒသမ ၃၉ လက်မသာရှိပြီး ဧရာဝတီမြစ်ရေမှာ ၁၁၀၇ စင်တီမီတာတွင် ရောက်ရှိနေသဖြင့် ရပ်ကွက်လေးခုတွင် ရေဝင်ရောက်မှုဖြစ်ပွားကာ အိမ်ထောင်စု ၅၈ စု၊ လူဦးရေ ၃၀၀ နီးပါးမှာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက “ညနေ ၆ နာရီလောက်မှာ စိုးရိမ်ရေမှတ်က ၁၂၀၀ စင်တီမီတာအထိ ရောက်လာနိုင်တယ်လို့မှန်းတယ်။ မြစ်ကြီးနားမှာ မိုးမရွာဘဲ ရေက အခုထိတိုးနေဆဲပဲ။ လက်ရှိကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ လယ်ကုန်း အနိမ့်ပိုင်းက နေရာတွေက ရေဝင်နေပြီ။ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့လည်း ပတ်ကြည့်ပြီး သတိထားနေကြတယ်။ ဒီထက်ထပ်တက်ရင် စိုးရိမ်ရပြီ” ဟု ပြောကြားသည်။
မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေခြင်းမှာ မုတ်သုံလေ အားကောင်းနေခြင်းနှင့် အနောက်အရပ်မှ လေများ ထိတွေခြင်းတို့ကြောင့်ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးတင်ထိုက်က ဆိုသည်။
၎င်းက “မြစ်ရေက ထပ်တိုးနေတယ်။ ဒီမှာတော့ မိုးရေချိန်က မရှိသလောက် ဖြစ်ပါတယ်။ မြစ်ရေက ပူတာအိုဘက်က အခြေအနေပေါ် မူတည်နေတယ်။ မြောက်ပိုင်းမှာက လက်ရှိမိုးကြီးနေတယ်။ မြစ်ကြီးနားမြစ်ရေအမှတ်က ၁၁၀၇ စင်တီမီတာကို ရောက်နေပြီ။ မနေ့ညနေက ၈၈၇ ဆိုတော့ ၂၄ နာရီ အတွင်း ၂၂၀ စင်တီမီတာလောက် တက်လာတယ်” ဟု သုံးသပ်သည်။
မြစ်ကြီးနားမြို့၌ ၁၉၇၉ ခုနှစ်တွင် ၁၄၁၃ စင်တီမီတာ၊ ၁၉၉၇ ခုနှစ်တွင် ၁၄၁၁ စင်တီမီတာ၊ ၂၀၀၄ ခုနှစ်တွင် ၁၄၀၇ စင်တီမီတာအထိ မြစ်ရေတက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

Eleven Media Group

0 comments:

Post a Comment