
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဒသမ ၁ ဘီလျံကျော်ခွင့်ပြုခဲ့သော်လည်း အမှန်တကယ် ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏ (Actual Amount) ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇၇ ဘီလျံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၂၂ ခု၊ ဆောင်ရွက်ဆဲလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှင့်ရန် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၄၀ ကျော်နှင့် သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၀၂ သန်းနီးပါးရှိ လုပ်ငန်း ၁၂ ခုတို့ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါဘဏ္ဍာနှစ် တစ်နှစ်တာအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း၊ သီလဝါအထူးစီးပွားဇုန်အတွင်း ခွင့်ပြုပေးခဲ့ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၁၉ ဘီလျံအထိ ခွင့်ပြုပေးထားသည်။
သို့သော် အဆိုပါ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တစ်နှစ်တာအတွင်း မြန်မာနိုင်ငံအတွင်းသို့ လုပ်ငန်းဆောင်ရွက်ရန် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ အမှန်တကယ်စီးဝင်သော ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၃၄၀ ဘီလျံ သာရှိပြီး ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုပမာ ဏထက် ဒေါ်လာ ၁ ဒသမ ၇၇၉ ဘီလျံကျော် လျော့ကျကာ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုသဘောတရားအရ ယခုနှစ်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့် ခွင့်ပြုပေးခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများသည် လုပ်ငန်းလုပ်ကိုင်ရန် ချက်ချင်းဝင်ရောက်လာခြင်းမဟုတ်ကြောင်း၊ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများ၏ သတ်မှတ်ထားသော စီမံကိန်းကာလအပေါ် မူတည်ကာ ခွင့်ပြုပေးထားခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
အချို့သောဘဏ္ဍာနှစ်များတွင် ယခင်နှစ်များက ခွင့်ပြုပေးထားသော ရင်းနှီးမြှုပ်နှံမှုများက လက်ရှိဘဏ္ဍာနှစ်မှသာ ဝင်ရောက်လာသဖြင့် ခွင့်ပြုပေးခဲ့ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ (Premitted Amount) ထက် အမှန်တကယ်ဝင်ရောက်သည့်ပမာဏ (Actual Amount) ပိုမိုဝင်ရောက်မှုများလည်းရှိကြောင်း သိရသည်။
“ရင်းနှီးမြှုပ်နှံမှုသဘောက ဒီနေ့ပေးဒီနေ့ဝင်တာ မဟုတ်ဘူး။ ယခင်ကပေးထားတဲ့ လုပ်ငန်းတွေက ဒီနှစ်ထဲမှာဝင်လာတာရှိတယ်။ ဒီနှစ်မှာ ခွင့်ပြုတာကလည်း နောက်နှစ်မှဝင်တာရှိတယ်။ စီမံကိန်းကာလအပေါ် မူတည်တယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားထားသည်။
အတည်ပြုခွင့်ပြုပေးထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ မြန်မာနိုင်ငံအတွင်းသို့ အမှန်တကယ်ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏများကို သုံးလတစ်ကြိမ် စာရင်းကောက်ယူကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သတင်းပေးပို့လျက်ရှိသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကိုးလကျော်တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၄၇၄ ဘီလျံကျော်အထိရှိကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment