Wednesday, July 10, 2019

၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေး မျှော်မှန်းလုပ်ဆောင်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား


၂၀၂၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကမ်ပိန်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အာရုံစိုက်မှု နည်းပါးနိုင်သည့်အတွက် ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) စုပင်လုံ အစည်းအဝေးကျင်းပနိုင်ရေး မျှော်မှန်းလုပ်ဆောင်နေကြောင်း ဇူလိုင် ၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် သတင်းမီဒီယာများတွေ့ဆုံ စဉ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် ထဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအတွက် ရည်မှန်းချက်ထား ကြိုးပမ်းမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန် ၁၃ ရက် နှင့် ၁၄ ရက်တွင် UPDJC အတွင်းရေးမှူးများ အလွတ်သဘောအစည်းအဝေး ပြုလုပ်ခဲ့ကာ အဆိုပါ အစည်းအဝေးတွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိဖြစ်နေသော အနေအထားကို အချို့သော နိုင်ငံရေးပါတီများက သိရှိခြင်းမရှိကြောင်း ၊ ထို့ကြောင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုလည်း ရှင်းပြ၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရဘက်က အဆိုပြုထားကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။
“အဆိုပြုထားတဲ့အပေါ်မှာလည်း EAO ဘက်က အကြောင်းပြန်မယ်လို့ ပြောထားတယ်။ အဲဒါပြီးရင်တော့ ကျွန်တော်တို့ UPDJC ပုံမှန်အစည်းအဝေးတွေ ပြန်သွားနိုင်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ထားတယ်။ ပြီးရင် ၂၀၁၉ ထဲမှာ UPC ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံလုပ်ဖို့ ကျွန်တော်တို့ မျှော်မှန်းပြီး လုပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၀ ကျရင် ရွေးကောက်ပွဲတွေလာမယ်။ ရွေးကောက်ပွဲလာရင် ကျွန်တော်တို့ ကမ်ပိန်းပေါ့နော်။ နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုတွေက အဲဒီမှာ အရှိန်ပြင်းထန်လာမယ်။ ပြင်းထန်လာလို့ရှိရင် ကျွန်တော်တို့ UPC Process ပေါ့တော်တော်လေး အာရုံစိုက်မှု နည်းသွားလိမ့်မယ်” ဟု ဦးဇော်ဌေးက ရှင်းလင်း ပြောကြားသည်။
ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကာလမတိုင်မီအတွင်း အဆင့်ဆင့်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မည်သို့ ဆက်သွားမည်ဆိုသည်ကို ဆွေးနွေးဖက်များအကြား သဘောတူညီမှုရရှိရန် ကြိုးစားနေပြီး ထိုသို့ ကြိုးစားရာတွင် လမ်းကြောင်းလေးကြောင်းဖြင့် အဆိုပြုထားကြောင်းလည်း ဦးဇော်ဌေးက ပြောကြားသည်။
“နံပါတ်တစ်က NCA အကောင်အထည်ဖော်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အားလုံးကို ပြေပြေလည်လည် လက်ခံတဲ့အနေအထားပေါ့။ အဲဒီအနေအထားမျိုးရအောင် လုပ်မယ်။ နံပါတ်နှစ်က UPC မှာ ဖက်ဒရယ် အခြေခံမူဝါဒတွေရနိုင်အောင် အတတ်နိုင်ဆုံး ရနိုင်အောင် ကျွန်တော်တို့ လုပ်မယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
နံပါတ်သုံးအနေဖြင့် ၂၀၂၀ မတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပသည့်အခါ မည်သည့်သဘောတူညီချက်များ ရရှိအောင် ဆောင်ရွက်ကြမည်ဆိုသည့် ကိစ္စနှင့် ၂၀၂၀ ကျော်လွန်ပါက အဆင့်ဆင့်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား မည်သို့သွားမည်ဆိုသည်ကို သဘောတူရန် လုပ်နေကြောင်း၊ နံပါတ်လေးအနေဖြင့် ငြိမ်းချမ်းရေး၏ အကျိုးတရားများကို ဒေသခံများရရှိ ခံစားနိုင်ရေးဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့် ဇွန်လတွင် UPDJC အတွင်းရေးမှူးများ အလွတ်သဘောအစည်းအဝေးကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး ယခုလလယ်တွင်လည်း အဆိုပါ အစည်းအဝေးအား ထပ်မံပြုလုပ်ရန် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံ အဆိုပြုထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပထားသည်။



Eleven Media Group

0 comments:

Post a Comment