Wednesday, July 10, 2019

အင်တာနက်အသုံးပြုခွင့် ပြန်လည်ရရှိရေးအတွက် ပြည်နယ်လွှတ်တော်တွင် အဆိုတင်သော်လည်း အစိုးရက အကောင်အထည်ဖော်မှု လုံးဝမရှိသောကြောင့် ပြည်ထောင်စုအဆင့်လွှတ်တော်၌ ဆက်လက်ကြိုးပမ်းမည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ် ပြောကြား

အင်တာနက်အသုံးပြုခွင့် ပြန်လည်ရရှိရေးအတွက် ပြည်နယ်လွှတ်တော်တွင် အဆိုတင်သော်လည်း အစိုးရက အကောင်အထည်ဖော်မှု လုံးဝမရှိသောကြောင့် ပြည်ထောင်စုအဆင့်လွှတ်တော်၌ ဆက်လက်ကြိုးပမ်းသွားမည်ဟု ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်အသုံးပြုခြင်းအား ဖြတ်တောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်နယ်လွှတ်တော်မှာ တင်တယ်။ ဒါပေမဲ့ အစိုးရဘက်က အကောင်အထည်ဖော်မှု လုံးဝမရှိဘူး။ ဒါကြောင့် ပြည်ထောင်စုအဆင့်မှာ ကြိုးစားသွားမယ်။ အင်တာနက် အပိတ်ခံရတဲ့ ပြည်သူတွေကလည်း အခက်အခဲတွေ အများကြီးရှိတယ်။ အင်တာနက်ပိတ်ထားတဲ့အခါကျတော့ ဟိုတစ်လောက အိမ်ခြေ ၁၁ လုံး မီးရှို့ခံရတယ်။ ဒါပေမဲ့ ဒီသတင်းက ဖုန်းသတင်းလောက်ပဲရတယ်။ အင်တာနက်ရတဲ့အခါကျတော့ အချိန်နဲ့ တစ်ပြေးညီ အင်တာနက်ပေါ် တင်လိုက်ရင် လူတိုင်းသိသွားတယ်။ စစ်ဘေးရှောင်တွေ အတွက်လည်း သူတို့စားဝတ်နေရေး အခက်အခဲရှိတယ်ဆိုရင် အရင်က အင်တာနက်မှာ တစ်ယောက်က ဘယ်နေရာမှာ စစ်ဘေးရှောင် ဘယ်လောက်ရှိတယ်။ ဘယ်ပစ္စည်း ဘယ်လိုအခက်အခဲရှိတဲ့အတွက် လာကူညီပါဆိုပြီး အင်တာနက်ပေါ်မှာ ပြောတဲ့အတွက် ချက်ချင်းသိတယ်။ ဝန်ထမ်းတွေမှာဆိုလည်း ဠငဘနမ တွေက ပို့ရတယ်ဆိုလည်း ချက်ချင်း မြန်ဆန်မှုရှိတယ်။ အခုဆိုရင် အင်တာနက်ပိတ်လိုက်တဲ့အခါမှာ နှေးကွေးတယ်ပေါ့။ ချက်ခြင်းမရောက် ချက်ချင်း မရရှိဘူးပေါ့နော်။ ဒီလိုအခက်အခဲတွေ တော်တော်လေးတော့ ရှိကြတယ်”ဟု ဒေါ်ခင်စောဝေက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ အင်တာနက်ဖြတ်တောက်ခံထားရသော မြို့နယ်များတွင် အင်တာနက်သုံးစွဲခွင့်ပြုရန် ပြီးခဲ့သည့် ဇွန် ၂၄ ရက်က ပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မင်းပြားမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုကို ဇွန် ၂၆ ရက်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အင်တာနက်ဖြတ်တောက်ထားသည့် မြို့နယ်များသည် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသော ဒေသများဖြစ်သောကြောင့် သတင်းအမှောင်ချထားသည့် ဒဏ်ကို ခံရနေသည်ဟု ဒေသခံများက ခံစားနေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။
“များသောအားဖြင့် တန်းတူရေးပေါ့။ အားလုံးကို ပိတ်တယ်ဆို လူတိုင်းက ခံနိုင်တယ်။ အမြင်ကြည်တယ်ပေါ့။ အခုကျတော့ စစ်ပွဲဖြစ်နေတဲ့ နေရာတွေကျတော့ သတင်းအမှောင်ချထားတဲ့ ဒဏ်ကို ခံနေရတယ်လို့ တိုက်ပွဲဖြစ်တဲ့နေရာတွေက လူတွေရဲ့ ခံစားချက်တွေက ရှိနေကြတယ်။ ဒါကလည်း မကောင်းဘူးပေါ့။ လာမယ့်လွှတ်တော်မှာ ကိုယ့်ရဲ့အဖွဲ့တွေနဲ့လည်း တိုင်ပင်ဦးမယ်။ အခုလတ်တလော ဖြစ်ပျက်နေတဲ့ဟာဆိုရင် အရေးကြီးအဆိုတွေဘာတွေ တင်လို့ရတယ်ပေါ့နော်။ ပေးသည်မပေးသည်က တစ်ကဏ္ဍ။ ပြည်သူတွေအတွက် ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ တင်သင့်တယ်လို့ လူတိုင်းက ဝေဖန်ကြတယ်ပေါ့နော်။ အန်တီတို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ့ဆုံတဲ့အခါ ဆွေးနွေးတိုင်ပင်ကြဦးမှာပါ” ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment