Wednesday, July 10, 2019

ခန္တီးမြို့နယ်၌် ချင်းတွင်းမြစ်ရေ စတင်မြင့်တက်နေပြီး ကျေးရွာအချို့တွင် ရေစတင်ဝင်ရောက်သဖြင့် လူနေအိမ်များ ပြောင်းရွှေ့နေရ


စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် ချင်းတွင်းမြစ်ရေ စတင်မြင့်တက်နေပြီး ကျေးရွာအချို့ ရေစတင်ဝင်ရောက်သဖြင့် လူနေအိမ်များ ပြောင်းရွှေ့နေရကြောင်း သိရသည်။
ဇူလိုင် ၇ ရက်မှစ၍ နေ့စဉ်မိုးဆက်တိုက် သည်းထန်စွာရွာသွန်းခဲ့ပြီး ချင်းတွင်းမြစ်ရေ သိသာစွာမြင့်တက်လာကာ ခန္တီးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းကျေးရွာအချို့တွင် မြစ်ရေစတင်ဝင်ရောက်ခဲ့ကြောင်း ခန္တီးမြို့ခံ ဦးစိုင်းအုန်းလွင်၏ ပြောကြားချက်အရ သိရသည်။
“မြစ်ရေစပြီးဝင်နေတာက ဆင်သေကျေးရွာစတဲ့ အနိမ့်ပိုင်းရွာတွေပါ။ အခုဆိုရင် မြစ်ရေက ၁၁၀၀ ကျော်နေပြီဆိုတော့ အဲဒီလောက်ဆိုရင် ခန္တီးမြို့နယ်က အနိမ့်ပိုင်းရွာတွေမှာ ရေစဝင်နေကြပြီ။ မြစ်ရေက ဇူလိုင်လ ဆန်းကတည်းက ပုံမှန်တက်နေတာကြာပြီ။ အတက်မြန်လာတာက သုံးရက်လောက်ပဲရှိ သေးတယ်။ ဇူလိုင် ၇ ရက်ကစပြီး ဒီနေ့အထိ ဆက်တိုက်မိုးသည်းသည်းရွာနေတာ။ မိုးရေချိန်က အရင်ရက်တွေက နေ့စဉ်နှစ်လက်မကျော်နဲ့ မနေ့ကဆိုရင် ခုနစ်လက်မကျော်အထိ ရွာတယ်။ အခုဆိုရင် မြစ်ရေကလည်း တစ်နာရီကို ပျမ်းမျှ ကိုးလက်မ၊ ၁၀ လက်မနှုန်းလောက်နဲ့ တက်နေတယ်။ ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ်က ၁၃၆၀ ဆိုပေမယ့် ၁၁၀၀ ကျော်ရင် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေစဝင်တယ်။ ဒီနှစ်တော့ တာရိုးတွေ၊ ရေထိန်းတံခါးတွေ လုပ်ထားတော့ မဝင်သေးဘူး။ အခု ပြောင်းရွှေ့တဲ့ ရွာတွေကလည်း ကယ်ဆယ်ရေးစခန်း ပြောင်းတာတော့မဟုတ်ဘူး။ နီးစပ်ရာအိမ်တွေ၊ ဆွေမျိုးအိမ်တွေ လတ်တလောပြောင်းနေကြတာ” ဟု ဦးအုန်းလွင်က ပြောကြားသည်။
ဇူလိုင် ၁၀ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ၁၁၄၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ခန္တီးမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၃၆၀ စင်တီမီတာဖြစ်ကြောင်း သိရသည်။ ခန္တီးမြို့နယ်တွင် ချင်းတွင်းမြစ်ရေ မြင့်တက်မှုနှုန်း မြန်ဆန်နေပြီး ဇူလိုင် ၉ ရက် ညနေ ၆ နာရီခွဲမှ ဇူလိုင် ၁၀ ရက် နံနက် ၆ နာရီခွဲအထိ ၂၄ နာရီအတွင်း ၃၈၅ စင်တီမီတာမြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဇူလိုင်လဒုတိယ ၁၀ ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်တွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ငါးပေမှ ခုနစ်ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီနှင့် မုံရွာမြို့တို့တွင် နှစ်ပေမှ လေးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ခန္တီးမြို့နယ်တွင် မိုးရာသီ၌ ဇွန်လတွင် တစ်ကြိမ်၊ ဇူလိုင်လတွင်တစ်ကြိမ်နှင့် သြဂုတ်လတွင်တစ်ကြိမ် နှစ်စဉ်တစ်နှစ်လျှင်သုံးကြိမ်ခန့် မြစ်ရေကြီးလေ့ရှိပြီး ယခုနှစ်တွင်မူ ဇွန်လ၌ မြစ်ရေကြီးခြင်းမရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment