Wednesday, July 10, 2019

ပြည်မြို့ဆေးရုံကြီးမှ ပြန်လွှတ်ခဲ့သည့် ကလေးငယ် ထိုနေ့တွင်ပင်သေဆုံးသွား၍ ကလေးမိခင်မကျေနပ်


ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ဇူလိုင် ၈ ရက်က ငါးလသားအရွယ် ကလေး ငယ်နေမကောင်း၍ ဆေးရုံတက်ရန် လာရောက်ပြသရာ အခြေအနေကောင်းသည်ဟု ဆိုကာ ဆေးရုံမှ ပြန်လွှတ်လိုက်ရာ ယင်းနေ့တွင် သေဆုံးသွားကြောင်း ကလေးမိဘများထံမှ သိရသည်။
ပြည်မြို့ ရွှေတံခါးရပ်ကွက်တွင် နေထိုင်သည့် မစုစန္ဒာ သည် ၎င်းင်း၏ ငါးလသားအရွယ် ကလေးငယ်မှာ ချွေးစေးပြန် ခြင်း၊ ညည်းတွားခြင်းများကြောင့် ဆေးရုံကြီးသို့ သွားရောက် ပြသရာ ပြင်ပလူနာဌာနတွင် ကလေးအား အဖျားတိုင်း၍ အဖျားမရှိကြောင်း အဖျားတက်လာပါက ရေချိုးပေးရန် ညွှန်ကြားကာ အိမ်ပြန်လွှတ်လိုက်ကြောင်း သိရသည်။
"နောက်တစ်ခေါက် ဆေးရုံသွားတော့ ပြန်လွှတ်မှာ စိုးလို့ ပြင်ပလူနာဌာနကို မ၀င်ရဲတော့ဘူး။ ကလေးဆောင်ကို တန်းသွား တယ်။ အဲဒီရောက်တော့ သူတို့ကလေးကိုအောက်စီဂျင်တွေ၊ ဘာတွေ ပေးတယ်။ သူတို့က စာအုပ် (ဆေးရုံတက် မှတ်တမ်းစာအုပ်)လုပ်ဖို့ပြောတယ်။ ကလေးကို သူ့အမေနဲ့ ထားခဲ့ပြီး စာအုပ်သွားလုပ်လို့ ကျွန်မပြန်လာတော့ ကလေးက အသက်မရှိတော့ဘူး"ဟု သေဆုံးသူကလေး၏ အဒေါ်ဖြစ်သူ မခိုင်ဇင်ထွေးကပြောဆိုသည်။
ဆေးရုံမှ ပြန်အထွက်တွင် ကလေးမှာ မသက်သာသောကြောင့် အိမ်မပြန်ဘဲပြည်မြို့တွင်းရှိ ဆေးခန်းနှစ်ခုသို့ လှည့်လည်ပြသခဲ့ရာ ဆေးခန်းမှ ဆရာဝန်က ဆေးရုံကြီးသို့ ပြန်သွားရန်သာ ညွှန်ကြားခဲ့သောကြောင့် ဆေးရုံကြီးသို့ နေ့လယ်ပိုင်းတွင် ပြန်လာခဲ့ကြောင်း သိရသည်။
ဆေးရုံသို့ လာပြစဉ်က ကနဦး စမ်းသပ်ခဲ့သည့် လက်ထောက်ဆရာဝန်၏ ပြောပြချက်မှာ ကလေးက တက်ခြင်း၊ ချောင်းဆိုးခြင်း မရှိကြောင်း၊ နို့စို့နိုင်သလို အန်ခြင်းလည်းမရှိကြောင်း၊ လောလောဆယ် အနေအထားအရ မစိုးရိမ်ရကြောင်း၊ ကလေးတစ်ခုခုဖြစ်ပါက ပြန်လာပြခိုင်းရန် ပြောဆိုခဲ့ကြောင်း ပြည်မြို့အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးဒေါက်တာ ခင်မေသွင်က ပြောဆိုသည်။
ယင်းကလေးကို နောက်တစ်ကြိမ် ဆေးရုံကလေးဆောင်သို့ အရောက်တွင် ဆရာဝန်များ၏ စမ်းသပ်ချက်အရ ကလေးမှာ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းများ နှေးနေသည့်အတွက် လိုအပ်သည့် အသက်ကယ်ကုထုံးများ အလုံးစုံ လုပ်ပေးခဲ့ကြောင်း ဆေးရုံအုပ်ကြီးက ပြောဆိုသည်။
"ဒါနဲ့ ပတ်သက်လို့ ပြန်ပြီးတော့ အစည်းအဝေး ထိုင်ရမှာပေါ့။ ပြန်ထိုင်ပြီးတော့ဘယ်နေရာမှာ ဘာလိုအပ်လဲ၊ လိုအပ်တာတွေ လုပ်ကြရမှာပေါ့။ ဆရာမကတော့ သူ့ကိုစမ်းသပ်လိုက်တဲ့ ဆရာဝန်တွေနဲ့လည်း ပြန်တွေ့ပြီးတော့ လူနာရှင်ကိုလည်း ဆရာမတို့ပြန်တွေ့ပြီးတော့ ရှင်းပြစရာရှိလည်း ရှင်းပြရမှာပေါ့" ဟု ပြည်မြို့ အထွေထွေရောဂါကုဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင်က ပြောဆိုသည်။
သေဆုံးသူ ငါးလသားကလေး ငယ်မောင်သူရိန်ထွန်းအား ယင်းနေ့တွင်ပင်သဂြုင်္ိဟ်ခဲ့ကြောင်း သိရသည်။
"ညီမကတော့ မကျေနပ်ဘူး။ ညီမရဲ့ ကလေးက မသေသင့်ဘဲ သေရတဲ့အတွက်ဆေးရုံက ဆရာမတွေကို လုံးဝ မကျေနပ်ဘူး။ ညီမတို့က ဒီကလေးကို မရှိတဲ့ကြားက အကြွေးတင်ခံပြီး မွေးထားရတာ။ မဖြစ်သင့်ဘဲ ဖြစ်သွားရတာ။ ကိုယ်မတက်လို့မှ သူတို့ဆီကို အားကိုးတကြီးနဲ့ သွားရတာ။ သူတို့က အားကိုးရာ မရောက်ဘူး။ စိတ်လည်းမကောင်းဘူး။ ကျေလည်း မကျေနပ်ဘူး"ဟု ကလေးမိခင်ဖြစ်သူ မစုစန္ဒာက ပြောဆိုသည်။
သေဆုံးခဲ့ရသည့် ကလေးငယ်တွင် ဖြစ်ပွားသည့် ရောဂါမှာ ဦးနှောက်အမြှေးပါးရောင် ရောဂါဟု သတ်မှတ်ထားကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။
"ဒီကလေးကို လိုချင်လွန်းလို့ တစ်နေ့ကို ၂၅၀၀ နဲ့ အကြော်ဖိုမှာ လုပ်တဲ့ မိခင်၊မိသားစု သုံးစုက ရှစ်ပေအိမ်လေးထဲမှာ နေပြီးတော့ ကလေးကို အကြွေးပေါင်း သောင်းခြောက်ထောင်နဲ့ သူတို့ မွေးခဲ့ရတာ။ ဒီကလေး မွေးလာတဲ့အတွက်ကြောင့် အမေဖြစ်တဲ့သူက ၀င်ငွေမရှိ တော့လို့ အဖေလုပ်တဲ့သူက ပေါင်းတည်မှာ သွားပြီးတော့ သူရင်းငှားသွားလုပ်တာ တစ်ရက်၊ နှစ်ရက်ပဲ ရှိသေးတယ်။ အခု ဒီလိုဖြစ်တဲ့အတွက်ကြောင့် အဖေဖြစ်တဲ့ သူကို ဒီနေ့ချက်ချင်းပြန်ခေါ်ရတယ်။ ပြောရရင် ဒီလိုဆင်းရဲတဲ့ မိသားစုတွေ၊အရမ်းကို ငွေကြေးချို့တဲ့တဲ့ မိသားစုတွေကို ကျွန်မတို့က ဒီဆေးရုံကြီးကို လွှတ်တဲ့အခါမှာဒီဆေးရုံကြီးက အဲဒီလို လက်လွတ်စပယ်လုပ်တာတွေဟာ ဖြစ်သင့်ပါရဲ့လားလို့ ကျွန်မတို့ မေးချင်ပါတယ်"ဟု ရွှေတံခါးရပ်ကွက် အပိုင်း(၄) ၆လမ်း ရာအိမ်စုမှူးက ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်မှာ ပြည်မြို့ရှိ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပျံ့နှံ့လျက်ရှိပြီး အွန်လိုင်းသုံးစွဲသူများမှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သက်၍ မှတ်ချက်အမျိုးမျိုးပေးလျက်ရှိကြောင်း သိရသည်။
သတင်း - သီဟလွင်(မြစ်မခ)
ဓာတ်ပုံ - သီဟလွင်(မြစ်မခ)
The Standard Time Daily

0 comments:

Post a Comment