Monday, March 23, 2015

အင်းလျားကန်ပေါင်တွင် ခါးပိုက်နှိုက်များကို နေ့စဉ်ဖမ်းဆီးနေပြီး အပန်းဖြေသူများ အနှောင့်အယှက်ဖြစ်စေသည့် အရက်သေစာ သောက်စားသူများကို ရှင်းလင်းမည်

ရန်ကုန်မြို့ရှိ အင်းလျားကန်ပေါင် ညပိုင်းမြင်ကွင်းကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်အတွင်းရှိ အင်းလျားကန်ပေါင်တွင် ခါးပိုက်နိုက် ကျူးလွန်သူများကို နေ့စဉ်ဖမ်းဆီးနေရပြီး အပန်းဖြေသူများအား အနှောင့်အယှက်ဖြစ်နေသည့် အုပ်စုဖွဲ့ အရက်သေစာ သောက်စားသူများကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်က မတ် ၂၃ ရက်တွင် ပြောကြားသည်။အဆိုပါ အင်းလျားကန်ပေါင်တွင် အရက်သေစာ သောက်စားခြင်း၊ ဝိုင်းဖွဲ့ဆူညံခြင်း၊ အမှိုက်ပစ်ခြင်း၊ ငါးမျှားခြင်း၊ ရေကူးခြင်းနှင့် အတွဲများ မဖွယ်မရာ ပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ရန် သတိပေးဆိုင်းဘုတ်ဖြင့် ကြေညာထားသော်လည်း စည်းကမ်းအများစုကို လိုက်နာခြင်းမရှိကြောင်း တွေ့ရသည်။

“အများပြည်သူ သက်ဆိုင်တဲ့နေရာတွေမှာ လွတ်လပ်စွာ နေထိုင်သွားလာရတယ်ဆိုပေမယ့် အပန်းဖြေ အနားယူနေတဲ့သူတွေ အနှောင့်အယှက်မဖြစ်ဖို့ အရေးကြီးပါတယ်။ တချို့တွေဆို အုပ်စုဖွဲ့သောက်စားမူးယစ် ရမ်းကားသောင်းကျန်း နေတာတွေ တွေ့ရတယ်။ လာရောက်အပန်းဖြေတဲ့သူ တချို့ဆိုရင်လည်း ခါးပိုက်နှိုက်ခံရတာတွေ၊ ပစ္စည်းပျောက်တာတွေကို တွေ့ရတယ်” ဟု ကန်ပေါင်သို့ လာရောက်အပန်းဖြေလေ့ရှိသည့် ကိုအောင်ဇော်လတ်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ဝင်းကြည်က “ကျွန်တော်တို့အနေနဲ့ ကမာရွတ်ရဲစခန်းနဲ့ လှိုင်ရဲစခန်းတွေမှာ အင်းလျားကန်ပေါင်နဲ့ ပတ်သက်ပြီး ခါးပိုက်နှိုက်ခဲ့တဲ့ ကျူးလွန်သူ အများအပြားကို ဖမ်းဆီးထားတာတွေရှိတယ်။ မူးယစ်ရမ်းကားနေတဲ့ သူတွေကို ပညာပေးပြောဆိုပြီးတော့ ပြန်လွှတ်ပေးတာတွေ ရှိသလို တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ သူတွေကိုလည်း အရေးယူတာရှိတယ်။ အရက်သေစာ သောက်စားတဲ့သူတွေကို အမြဲတမ်းရှင်းလင်းသွားမယ်” ဟု ပြောကြားသည်။ ထို့ပြင် အများပြည်သူများ စိတ်အနှောင့်အယှက် မဖြစ်စေရန် လုံခြုံရေးဆောင်ရွက်မှုကို ၂၄ နာရီ လုပ်ဆောင်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အင်းလျားကန်ပေါင်၏ ညပိုင်းမြင်ကွင်းကို တွေ့ရစဉ်

“အင်းလျားကန်ပေါင်မှာက လုံးဝစည်းကမ်းမဲ့နေသလို ဖြစ်နေတယ်။ အရက်ပုလင်းတွေ၊ ဘီယာဘူးခွံတွေကိုပဲ တွေ့ရတယ်။ တချို့နေရာတွေဆိုရင် အမြင်မသင့်တဲ့ ပစ္စည်းတွေကိုတောင် တွေ့ရတယ်။ ကျန်းမာရေးအရ လေကောင်းလေသန့်ရှုပြီး လမ်းလျှောက်ပေမယ့် တချို့နေရာတွေမှာ စည်းကမ်းမဲ့ အပေါ့သွားထားတဲ့ အနံ့တွေက တော်တော်လေး ဆိုးပါတယ်” ဟု နံနက်တိုင်း ကျန်းမာရေး လေ့ကျင့်ခန်းလုပ်သူ ကိုအောင်သူက ပြောကြားသည်။

ထို့ပြင် အင်းလျားကန်ပေါင်အနီး တစ်ဝိုက်၌ မှောင်ရိပ်ခိုပြီး ပျော်ပါးနေကြသည့် မိန်းမလျာများနှင့် ပြည့်တန်ဆာများ ရှိနေခြင်းကြောင့် လာရောက်အပန်းဖြေနေသည့် အမျိုးသမီး တချို့မှာလည်း စိတ်အနှောင့်အယှက်များနှင့် ကြုံတွေ့နေရသည်။

“ကန်ပေါင်အနီးတွေ၊ လမ်းကြားတွေ၊ မှတ်တိုင်တွေမှာ ပြည့်တန်ဆာ လုပ်ငန်းတွေ လုပ်နေတဲ့သူတွေကြောင့် လာရောက်အပန်းဖြေတဲ့ အမျိုးသမီး ကောင်းတွေလည်း မှားပြီးတော့ အခေါ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ ရုံးပိတ်ရက်တွေမှာ အုပ်စုဖွဲ့ဆူညံမှုတွေ၊ အပျော်လွန်ကဲမှုတွေ ရှိကြတယ်။ညဥ့်နက်ပိုင်း အချိန်တွေမှာဆိုရင် ကားတွေက Sound Box တွေ ဖွင့်ပြီးတော့ တဒုန်းဒုန်း နဲ့ သီချင်းတွေ ဖွင့်နေတာက ပတ်ဝန်းကျင်ကို တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်” ဟု အင်းလျားကန်ပေါင်အနီး နေထိုင်သူ ဒေါ်နီလာအောင်က ဆိုသည်။

ယင်းသို့ အင်းလျားကန်ပေါင်တွင် အပန်းဖြေသူများအား အနှောင့်အယှက် ဖြစ်စေနိုင်သည့် အပြုအမှုများအား တတ်နိုင်သလောက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းနှင့် တဖြည်းဖြည်းပပျောက်အောင် အသိပညာပေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက မတ် ၂၃ ရက်တွင် ပြောကြားသည်။

“အခုလတ်တလောမှာတော့ အရက်သေစာသောက်စားတဲ့ ပညာပေးကာလ အနေနဲ့လည်း လိုက်လံပြောဆိုပြီး မသောက်ဖို့ တားမြစ်နေတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မယ့် အပြုအမူတွေ မူးယစ်ရမ်းကားမှုတွေ ပြုလုပ်လာရင်တော့ ဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်ပါတယ်။ တံတားဖြူ ကားမှတ်တိုင် အနီးမှာလည်း ရဲကင်းတစ်ခု ထားရှိထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment