Monday, March 23, 2015

မြန်မာ့လွတ်လပ်ရေး၏ သမိုင်းဝင်နေရာ ခရိုနီနှင့် အခွင့်ထူးခံတို့၏ ပျော်ပါး ပါတီပေးရာ နေရာ ဖြစ်နေပြီလား

မြန်မာ့လွတ်လပ်ရေး၏ သမိုင်းဝင်နေရာ တစ်ခုဖြစ်သော ရန်ကုန်မြို့ ၀န်ကြီးများရုံးဟောင်းကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

မြန်မာပြည်သူများအတွက် ကြီးကျယ်ခမ်းနားသော သမိုင်းဝင် အဆောက်အအုံ၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် သမိုင်းဝင် အဆောက်အအုံ၊ မြန်မာ့လွတ်လပ်ရေး၏ သမိုင်းဝင်နေရာဖြစ်သော ဝန်ကြီးများရုံးဝင်းမှာ မတ် ၂၁ ရက် ညက မွေးနေ့ပွဲကျင်းပရာ နေရာတစ်ခု ဖြစ်သွားကြောင်း ဓာတ်ပုံအထောက်အထားများ ထွက်ပေါ်လာသည့်အပေါ် အများပြည်သူများကြား ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင် ကန့်ကွက်ခဲ့ကြသည်။မတ် ၂၁ ရက် ညက မွေးနေ့ပွဲပါတီကို မီးမောင်းကြီးများထိုး၍ ကျင်းပနေသည့် ဓာတ်ပုံများ၊ အဆောက်အအုံအတွင်း ညအချိန် တက်ရောက်ပြီး ဓာတ်ပုံရိုက်ခြင်း၊ လည်ပတ်ဝင်ထွက် ကြည့်ရှုနေသည့် ဓာတ်ပုံများမှာ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ဓာတ်ပုံများအရ ဆိုပါက ဝန်ကြီးများရုံးဝင်း အတွင်းရှိ ရုံးအဆောက်အအုံနှင့်ကပ်လျက် မြေကွက်ကျယ်ကြီးပေါ်တွင် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ ဓာတ်ပုံများ ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာပြည်သူများ၏ သမိုင်းဝင် အထင်ကရ အဆောက်အအုံ၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ သမိုင်းဝင်အဆောက်အအုံ ဝင်းအတွင်း မွေးနေ့ကျင်းပသည့်အပေါ် အပြင်းအထန် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အချို့ဆိုလျှင် ‘မွေးနေ့ပွဲရှင် Ma Thi Thi Tun (မသီသီထွန်း) ဆိုသူ ဘယ်သူလဲ’ ‘ခင်ဗျားတို့လို ရေပေါ်ဆီလူတန်းစား တစ်ခုတည်းအတွက် အသက်သွေးတွေ ပေးဆပ်ခဲ့တာ မဟုတ်ဘူး။ တာဝန်ရှိသူများ ချက်ချင်း ဖြေရှင်းချက်ပေးပါ’ စသည်ဖြင့် လူမှုကွန်ရက်ပေါ်တွင် ကန့်ကွက်မှု၊ မေးခွန်းထုတ်မှုများပင် ရှိခဲ့ပြီး အဆိုပါစာသားများ ရေးသားထားမှုကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ပင် တင်ထားခဲ့ပါသည်။

ဓာတ်ပုံများအရ ဆိုပါက မွေးနေ့ပွဲသို့ ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းတို့ ကဲ့သို့သော အသိုင်းအဝိုင်းများမှ လူများပင် တက်ရောက်ခဲ့သည်ကို တွေ့မြင်ရပြီး ဦးအေးနေဝင်းဆိုလျှင် အဆောက်အအုံအတွင်းအထိ ဝင်ရောက်၍ ရိုက်ထားသည့် ဓာတ်ပုံများကိုပင် ၎င်းက ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ထားခဲ့သည်။

ဒေါ်သီသီထွန်း၏ မွေးနေ့ပွဲ သို့မဟုတ် မွေးနေ့ပါတီ ကျင်းပခဲ့ခြင်း ဟုတ်မဟုတ်ကို အတည်ပြုနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဒေါ်သီသီထွန်းဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

၁၆ ဧက ကျယ်ဝန်းသော ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အား ထိန်းသိမ်းရန်အတွက်ဟူသော အဓိကခေါင်းစဉ်ဖြင့် တင်ဒါခေါ်ခဲ့ရာ လာရောက် အဆိုပြုသူများထဲမှ အနော်မာ အနုပညာအဖွဲ့က ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၆/၂ဝ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့လေးဖွဲ့ အဆိုပြု တင်ဒါတင်သွင်းလာသည့် အထဲမှ အနော်မာ အနုပညာ အဖွဲ့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရွေးချယ်စဉ်က မြေအသုံးချမှု ပရီမီယံကြေးပင် ပေးသွင်းစရာလိုဘဲ အနော်မာ အနုပညာအဖွဲ့မှ လုပ်ကိုင်ခွင့် ရခဲ့ခြင်းလည်း ဖြစ်သည်။ (နောက်ပိုင်း ပေးသွင်းရမှု ရှိ မရှိ ထုတ်ပြန်ခြင်း မပြုခဲ့ပေ)

အနော်မာ အနုပညာအဖွဲ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းကြည်၏ သမီးဖြစ်သူ ဒေါ်သီသီထွန်းအမည် ပါဝင်နေပြီး ၎င်းပါဝင် လုပ်ကိုင်လျက်ရှိသော အဖွဲ့ဖြစ်ကြောင်း သိရသည်။

အနော်မာ အနုပညာအဖွဲ့မှ တင်ဒါအောင်၍ လုပ်ကိုင်ခွင့် ရခဲ့ပြီးနောက်တွင် တင်ဒါခေါ်စဉ်က မပါဝင်ခဲ့သည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းအချို့ကို ထည့်သွင်းလုပ်ကိုင်ရန် ထပ်မံတောင်းဆိုမှုများ ပြုလုပ်ခဲ့သေးသည်။

အနော်မာ အနုပညာအဖွဲ့မှ စတင်အဆိုပြုစဉ်က ဝန်ကြီးများရုံးအား ပြတိုက်များ၊ ရိုးရာအမှတ်တရ ပစ္စည်းဆိုင်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးပြတိုက်၊ ရှေးဟောင်းပစ္စည်း ပြတိုက်များအပြင် စားသောက်ဆိုင်၊ ရုံးခန်း၊ အနုပညာဆိုင်ရာပြပွဲ၊ ကပွဲများကိုလည်း လုပ်ကိုင်ရန် တင်ပြထားခဲ့ကြောင်း သိရသည်။

ဝန်ကြီးများရုံးအား နှစ်စဉ်ငှားရမ်းခအဖြစ် ပြတိုက်များအတွက် ဝင်ငွေစုစုပေါင်း၏ သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း၊ စားသောက်ဆိုင်များနှင့် ရုံးခန်းများ ငှားရမ်းခရငွေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း၊ ရိုးရာပစ္စည်းများ အရောင်းဆိုင်နှင့် အမှတ်တရ ပစ္စည်းဆိုင်များအတွက် ဝင်ငွေ၏ တစ်ရာခိုင်နှုန်း၊ အနုပညာရပ်ဆိုင်ရာ ကပွဲ၊ ပြပွဲများအတွက် ဝင်ငွေ၏ တစ်ရာခိုင်နှုန်းကို ပေးသွင်းမည်ဟု အဆိုပြုခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လက်ခံရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မွေးနေ့ပွဲကျင်းပခဲ့သော ၀န်ကြီးများရုံးဟောင်းနှင့် ပတ်သက်၍ Aye NeWin Facebook နှင့် Ye Htut Facebook တို့တွင် ဖော်ပြထားချက်များအား တွေ့ရစဉ်

တင်ဒါ ရွေးချယ်ခံရပြီးနောက်တွင် အနော်မာ အနုပညာအဖွဲ့မှ စတင်အဆိုပြုစဉ်က လုပ်ငန်းများအပြင် အပန်းဖြေမှုနှင့်ဆိုင်သော ဝန်ဆောင်မှုလုပ်ငန်းများ (Relaxation and Recreation Services) နှင့် Outdoor Convention များ ပြုလုပ်ခြင်း လုပ်ငန်းများကို ထပ်မံဖြည့်စွက်လုပ်ကိုင်ရန် စီစဉ်သည့်အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ခံခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC တို့ကလည်း ကန့်ကွက်ရန်မရှိ လက်ခံပေးခဲ့ကြသည်ဟု သိရသည်။

ယင်းကာလက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး တစ်ဦးဖြစ်သူ ဦးစိုးသိန်းက တာဝန်ယူခဲ့ပြီး ၎င်း၏လက်ထက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မွေးနေ့ပွဲဟုဆိုသော ဓာတ်ပုံများ ပျံ့နှံ့ခဲ့ပြီးနောက် သမိုင်းဝင်နေရာကို ထိုသို့ ပြုလုပ်သည့်အပေါ် နယ်ပယ်စုံမှနေ၍ ကန့်ကွက်ကြောင်း၊ လက်မခံကြောင်း၊ မြန်မာ့လွတ်လပ်ရေး သမိုင်းဝင်နေရာသည် အခွင့်ထူးခံတို့၏ ပါတီပေးရာနေရာ ဖြစ်နေပြီလားဟုပင် ပြောကြားလာခဲ့ကြခြင်း ဖြစ်သည်။

ဗဟန်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက “ဒီလိုလုပ်တဲ့သူ အနေနဲ့ နိုင်ငံပိုင်ပစ္စည်းကို ကိုယ့်ပစ္စည်းလို သဘောထားပြီး လုပ်လိုက်သလား၊ ဒီလို လုပ်ခွင့်ပြုပေးတဲ့ သူတွေကလည်း နိုင်ငံပိုင် ပစ္စည်းလို သဘောထားပြီး ခွင့်ပြုလိုက်တာလား။ ပြီးတော့ ဒီလိုလုပ်ရပ်က တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ သမိုင်းဝင်နေရာ၊ တန်ဖိုး အင်မတန်ကြီးတဲ့ နေရာကို တန်ဖိုးယုတ်လျော့အောင် လုပ်တယ်။ ကိုယ်ကျိုးအတွက် လုပ်တယ်လို့ ပဲမြင်တယ်။ ကိုယ်ကျိုးအတွက် သမိုင်းဝင်နေရာ တစ်ခုကို ဒါ အလွဲသုံးစား လုပ်လိုက်တာပေါ့။ ဒီလိုပဲ မြင်တယ်။ ခွင့်ပြုပေးလိုက်တဲ့သူရော လုပ်တဲ့သူရော နှစ်ဦးစလုံးမှာ တာဝန်ရှိတယ်” ဟု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “မြန်မာ့လွတ်လပ်ရေးရဲ့ သမိုင်းဝင်နေရာ၊ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ သမိုင်းဝင်နေရာကို သမိုင်းနဲ့ တန်ဖိုးကိုပါ ယုတ်လျော့သွားအောင် လုပ်သလို ဖြစ်နေတယ်လို့ မြင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကလည်း ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ယခုကဲ့သို့ ပြုလုပ်မှုကို မနှစ်သက်ကြောင်း ‘မွေးနေ့ပွဲ လုပ်တယ်ဆိုရင် ဒီလုပ်ရပ်ကို ကျွန်တော်လည်း မနှစ်သက်ပါ။ ဒီအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးကို ကိုသန့်မြင့်ဦးတို့ YHT နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပဲ နားလည်ထားပါတယ်။ ဒါကြောင့် YHT အနေနဲ့ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်’ ဟူသော မှတ်ချက်ဖြင့် အခြားသူတစ်ဦး တင်ထားသည့် မွေးနေ့ပွဲ ကျင်းပနေသည်ဆိုသော ဓာတ်ပုံများနှင့် တွဲဖက်ကာ ဖော်ပြထားခဲ့ပါသည်။

Yangon Heritage Trust(YHT) ကလည်း ဝန်ကြီးများရုံး အဆောက်အအုံအား ၎င်းတို့အနေဖြင့် စီမံခန့်ခွဲမှု မရှိကြောင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း မည်သည့်နေရာတွင်မှ ပါဝင်ခြင်း မရှိကြောင်း ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

YHT ၏ ရေးသားထားမှုများအရ ‘ရန်ကုန်ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) အဆောက်အအုံကို ၂ဝ၁၁ ခုနှစ် (YHT မဖွဲ့စည်းမီ)တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရက ပုဂ္ဂလိကသို့ လက်ပြောင်းခဲ့ရာတွင် အနော်မာ အနုပညာအဖွဲ့က ပြတိုက်နှင့် ယဉ်ကျေးမှုအနုပညာ စင်တာအဖြစ် ပြန်လည်ပြောင်းလဲ အသုံးချရန် အဆိုဖြင့် တင်ဒါအောင်မြင်ခဲ့ပါသည်။ ယင်းအဆိုဖြင့် MIC ၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကနဦးခွင့်ပြုချက်ကို ရရှိခဲ့ပါသည်’ ဟူ၍ အစချီလျက် ထုတ်ပြန်ခဲ့ပြီး ‘YHT အနေဖြင့် အဆောက်အအုံအား လက်ရှိတွင် စီမံခန့်ခွဲခြင်း မရှိသကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မည်သည့်နေရာကမှ ပါဝင်ခြင်း မရှိပါ။ မိမိတို့ အနေနှင့် ဝန်ကြီးများရုံး အဆောက်အအုံကိုသည် ရန်ကုန်မြို့ရှိ အမွေအနှစ် အဆောက်အအုံများ ပြန်လည်ပြုပြင် အသုံးချရေး ဆောင်ရွက်ရာတွင် စံနမူနာ တစ်ခုဖြစ်ရန် မျှော်လင့်ပါသည်’ ဟူ၍လည်း အဆုံးသတ်တွင် ထည့်သွင်းဖော်ပြ ထားသည်ကိုလည်း တွေ့ရှိရသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်က “မြန်မာလူမျိုးတွေ အတွက်က ဒီလို အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) လို့ ပြောလိုက်တာနဲ့ အရမ်းကို ကြီးကျယ်တဲ့ နေရာတစ်ခုလို့ မြင်တယ်။ ဒါကြောင့် ဒီနေရာမှာ ဒီလိုပွဲတွေ မလုပ်သင့်ဘူး။ မဖြစ်သင့်ဘူးလို့ ပြောရမှာပေါ့။ ဒီနေရာဟာ ရွှေတိဂုံစေတီတော်လိုပဲ ကြီးကျယ်မြင့်မြတ်တဲ့နေရာမျိုး ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရန်ကုန်မြို့ပြပညာရှင် ဦးသံမိုးကလည်း “ဒီနေရာမှာ ဒီလိုပွဲမျိုးတွေလုပ်တာ ကောင်းလား မကောင်းလား ဆိုတာကို လူတိုင်း သိနေတာပဲ။ ဘာမှမှတ်ချက် မပေးချင်တော့ပါဘူး” ဟု ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment