Saturday, March 14, 2015

တောင်ကုတ်- စစ်တွေ ပြည်တွင်းရေကြောင်း အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်ပြီး ခရီးသည် ၁၇၀ ခန့် ကယ်ဆယ်ရရှိကာ သေဆုံးသူ ၃၄ ဦး၏ အလောင်းများ တွေ့ရှိထား

သင်္ဘောနစ်မြုပ်ရာတွင် ပါဝင်ခဲ့ပြီး အသက်ရှင်လွတ်မြောက်လာသူများအား မတ် ၁၄ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က စစ်တွေဆိပ်ကမ်း အရောက်တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်)

တောင်ကုတ်မှ စစ်တွေသို့ ပြေးဆွဲနေသည့် အောင်တံခွန် (၃) သင်္ဘောသည် ကျောက်ဖြူနှင့်မြေပုံအကြား နောင်တော်မြစ်ကို ဖြတ်ကူးစဉ် မတ် ၁၃ ရက် ည ၇ နာရီ ၁၅ မိနစ် က သင်္ဘောဦးပိုင်း ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (စစ်တွေ) မှ သတင်းရရှိသည်။သင်္ဘောတွင် ပါလာသည့် ခရီးသည်များအနက် ၁၇ဝ ကျော် အသက်ရှင်လျက် ကယ်ဆယ်ရရှိထားပြီး သေဆုံးသူ ၃၄ ဦး၏ အလောင်းများ တွေ့ရှိထားကြောင်း ကယ်ဆယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (စစ်တွေ) မှ လက်ထောက်မန်နေဂျာ ဦးခင်မောင်ထွန်းက “သင်္ဘောက မတ် ၁၃ ရက် ည ၇ နာရီ ၁၅ မိနစ်မှာ သင်္ဘောဦးပိုင်းက ရေဝင်ပြီး နစ်မြုပ်သွားတာ ဖြစ်တယ်။ ကျွန်တော်တို့ ကြားထားတာက သင်္ဘောမှာ ခရီးသည် ၁ဝဝ ကျော်ပါတယ်။ သင်္ဘောသားက ၁ဝ ဦး ကျော်ပါတယ်။ အခု ကယ်ဆယ်လို့ ရထားတာက လူ ၁ဝဝ ကျော်လောက် ရှိတယ်လို့ သိရတယ်။ အခု အောင်တံခွန် (၄) သင်္ဘောက အဲဒီနေရာမှာ ကယ်ဆယ်ရေး လုပ်နေတယ်။ ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ ကယ်ဆယ်ရေး RSD သင်္ဘောနှစ်စင်း မတ် ၁၄ ရက် နံနက်၉နာရီ ၃ဝ မှာ စစ်တွေကနေ ထွက်သွားတယ်”ဟု ဆိုသည်။

အဆိုပါ အောင်တံခွန် (၃) သင်္ဘောသည် ကျောက်ဖြူမြို့ ဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နား ခရီးသည် အတင်အချပြုလုပ်ကာ မတ် ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြန်လည် ထွက်ခွာကာ မြေပုံမြို့သို့ သွားရောက်စဉ် မြေပုံမြို့နယ် ငသန့်သာအနီးတွင် သင်္ဘောဝမ်းဗိုက် ပေါက်ကာ နစ်မြုပ်သွားကြောင်း သိရသည်။သေဆုံးသူအရေအတွက်မှာ ၃၄ ဦး ခန့်သာ စာရင်းရရှိသေးပြီး သင်္ဘောပေါ်တွင် စာရင်းမပါသူ များစွာရှိခဲ့သဖြင့် ပျောက်ဆုံးနေသူများစွာ ရှိနေသေးကြောင်း သင်္ဘောပေါ်မှ လွတ်မြောက်လာသူများက ပြောကြားသည်။


သင်္ဘောနစ်မြုပ်ရာတွင် ပါဝင်ခဲ့ပြီး လွတ်မြောက်လာသူများအား အောင်တံခွန် (၄) သင်္ဘောဖြင့် သယ်ဆောင်လာစဉ်

အဆိုပါဖြစ်စဉ်တွင် အသက်ရှင်လျက် ပြန်တွေ့သူ ကျား ၁ဝ၄ ဦး၊ မ ၆၅ ဦး၊ အသက်ရှင်လျက်တွေ့ရှိခဲ့ရပြီး သေဆုံးသူအလောင်း ကျား သုံးဦး၊ မ ၃၁ ဦးတို့(ကလေးသုံးဦးနှင့် ဘုန်းကြီးတစ်ပါး အပါအဝင်)ကို တွေ့ရှိရပြီး ရိုင်ဖယ်သေနတ် လေးလက် (လုံခြုံရေးအဖွဲ့ပိုင်) ပျောက်ဆုံးနေသေးကြောင်းနှင့် ပျောက်ဆုံးသူများစာရင်းတွင် ၄ဝ ခန့်ရှိနေကြောင်း ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

“နောက်ဆုံးစာရင်းကတော့ ၁၆၉ ဦး ရှင်ပြီး ၃၄ ဦးသေ၊ ၄ဝ ပျောက်နေတယ်လို့ သိရတယ်။ အလောင်းတွေကို အဖွဲ့ပေါင်းစုံနဲ့ ရှာနေပါတယ်။ သင်္ဘောမြုပ်တဲ့နေရာကို အတိအကျ မသိသေးဘူး။ ကုန်ပစ္စည်းတွေ များတဲ့အတွက် လှိုင်းဒဏ်ကလည်းပြင်း၊ မတော်တဆဖြစ်သွားတဲ့ သဘောပါ။ အသက်ရှင်သူတွေကိုတော့ နေရပ်ကို ပို့ပေးလိုက်ပါပြီ။ စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံမြို့တွေကို ပို့ပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ၁၄ ရက် နေ့လယ်ပိုင်းမှာ အခင်းဖြစ်ရာသို့ စစ်တွေ နာရေးကူညီမှုအသင်းနဲ့အတူ သွားရောက်ခဲ့တာ ဖြစ်ပါတယ်”ဟု ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဗိုလ်ဗိုလ်ဦးက ဆိုသည်။


လွတ်မြောက်လာသည့် ကလေးငယ်အား တွေ့ရစဉ်

သို့သော်လည်း သင်္ဘောနစ်မြုပ်မှုသည် လမ်းကြောင်းမမှန်ခြင်း၊ လှိုင်းကြီးခြင်း၊ ကုန်စည်တင်ဆောင်မှု များပြားခဲ့ခြင်းတို့အပြင် ဦးပိုင်းမှ ကျောက်ကြိုးအပေါက်အနီးတွင် ပေါက်ပြဲခဲ့ကြောင်း၊ ဦးပိုင်းနစ်မြုပ်ပြီး ဘယ်ဘက်ဘေးသို့ စောင်းသွားကြောင်းနှင့် သင်္ဘောအခန်းများအတွင်း ပိတ်မိကာ ပါသွားသော ခရီးသည်များစွာ ရှိနိုင်သေးကြောင်း သင်္ဘောသားတစ်ဦးက ဆိုသည်။

“သင်္ဘောရေဝင်ပြီး တစ်နာရီလောက် မောင်းခဲ့တယ်။ ဒါပေမဲ့ ကမ်းကို မရောက်ခဲ့ဘူး။ နစ်သွားတယ်။ လွတ်သွားတဲ့ သင်္ဘောသား နှစ်ယောက်က အနီးက ကျွန်းမှာရှိတဲ့ တံငါရွာလေးကိုရောက်သွားပြီးမှ ဖုန်းဆက်လို့ ရတာပါ။ ၇ နာရီခွဲခန့်လို့ ထင်ပါတယ်။ တံငါရွာက လှေတွေကလည်း လိုက်ရှာတော့ သင်္ဘောနစ်တဲ့နေရာကိုလည်း အသေအချာတော့ မသိဘူး။ ညဆိုတော့ မှတ်မရနိုင်ဘူးပေါ့။ ဦးပိုင်းက အရင်နစ်သွားပြီးမှ ဘေးကို စောင်းပြီး နစ်သွားတာပါ။ သေဆုံးသူခရီးသည် ရာနဲ့ ချီပြီး ရှိနိုင်တယ်လို့ ထင်ပါတယ်။ အတိအကျတော့ ပြောဖို့ခက်ပါတယ်” ဟုလည်း အဆိုပါ သင်္ဘောမှ သင်္ဘောသားတစ်ဦးဖြစ်သူ ဦးကျော်ဆန်းက ဆိုသည်။

နစ်မြုပ်ခဲ့သော သင်္ဘောတွင် လက်မှတ်မပါသော ခရီးသည်များစွာပါဝင်ပြီး ယင်းသို့ လက်မှတ်မပါခြင်းမှာလည်း လမ်း၌သာ လက်မှတ်ဖြတ်လေ့ရှိကြောင်းနှင့် တစ်ခါတစ်ရံတွင် လက်မှတ်မပေးဘဲ ငွေကိုသာ ယူသွားသည်များရှိကြောင်း၊ ယင်းအတွက် ပျောက်ဆုံးစာရင်းကို အတိအကျ မသိနိုင်ခြင်းဖြစ်သည်ဟုလည်း ယင်းသင်္ဘောမှ လွတ်မြောက်လာသူများက ပြောကြားသည်။

အဆိုပါသင်္ဘောသည် ကုန်ပစ္စည်းများစွာ တင်ဆောင်လာခဲ့သည့်အပြင် လမ်းကြောင်းမှားခဲ့သည့်အတွက် ထိုသို့ တိမ်းမှောက်နစ်မြုပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ သင်္ဘောကပ္ပတိန်မှာ ရှာမရသေးကြောင်း၊ အရာရှိ၏ ဇနီးတစ်ဦးကိုလည်း ရှာမရသေးကြောင်း၊ သံဃာနှစ်ပါးမှာလည်း ရှာမရသေးကြောင်းနှင့် အလောင်းများကိုသာ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့သော တိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်ကလည်း “သင်္ဘောသွားတဲ့ လမ်းကြောင်းကလည်း နဂိုသွားတဲ့ လမ်းကြောင်း မဟုတ်ဘူး။ လှိုင်းကလည်း ကြီးတယ်။ ဒါကြောင့် ဦးဘက်ကနေ ရေတွေဝင်ခဲ့တယ်။နောက်တစ်ကြိမ် ရေဝင်တော့ နစ်မြုပ်သွားတဲ့သဘောပေါ့”ဟု ပြောကြားသည်။


အောင်တံခွန်(၄) ပြည်တွင်းရေကြောင်းသင်္ဘောဖြင့် ရှာဖွေတွေ့ရှိ အလောင်းများအား မတ် ၁၄ ရက်က သယ်ဆောင်လာစဉ် (ဓာတ်ပုံ-သန်းလှိုင်၊ စစ်တွေ)

အဆိုပါသင်္ဘောသည် တောင်ကုတ်မြို့မှ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး စစ်တွေတွင် အဆုံးသတ်မည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် အဆိုပါသင်္ဘောကို ရေငုပ်သမားများဖြင့်ငုပ်ကာ သင်္ဘောအတွင်း ပိတ်မိသေဆုံးနေသူများအား ဖော်ယူနိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးထံမှ သိရသည်။

ကျောက်ဖြူမြို့သို့ ၅၅၃ ရေတပ်သင်္ဘောဖြင့် ကျောက်ဖြူနှင့် တောင်ကုတ်ခရီးသည် ၃၅ ဦးသည် မွန်းလွဲ ၂ နာရီတွင် ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ကျား ၂၂ ဦး၊ အမျိုးသမီး ၁၃ ဦးဖြစ်ကြောင်း၊ အလားတူ မြေပုံမြို့နယ်မှ အသက်ရှင်ခရီးသည် ၅၂ ဦးသည် မွန်းလွဲ ၂ နာရီတွင် မြေပုံသို့ ရောက်လာပြီဖြစ်ကြောင်း၊ စစ်တွေသို့လည်း ခရီးသည်များအား အမြန်ရေယာဉ်ဖြင့် ခေါ်ဆောင်လာပြီ ဖြစ်ကြောင်း သိရသည်။ အသက်ရှင်လွတ်မြောက်လာသူများကို နေရပ်သို့ ပြန်ပို့လိုက်ပြီး အလောင်းများကို အောင်တံခွန် ၄ သင်္ဘောပေါ်တွင် ယာယီတင်ဆောင်ထားပြီး ကျောက်ဖြူ သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မတ် ၁၄ ရက် ညနေပိုင်းထိ သင်္ဘောနစ်မြုပ်သည့်နေရာ အတိအကျကို မသိနိုင်သေးကြောင်းနှင့် အနီးဝန်းကျင်ကိုသာ ခန့်မှန်းပြီး ပေါ်လာမည့်အလောင်းများကို စုစည်းနေခြင်း ဖြစ်ကြောင်း၊ အလောင်းများကို ကျောက်ဖြူ ရင်ခွဲရုံသို့ သယ်ဆောင်သွားမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာမြို့နယ်များသို့ သယ်မည်ဆိုပါက သယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ဘောနစ်ပြီး လွတ်မြောက်လာသူများ၏ ရင်ဖွင့်သံများ

“ကျွန်တော့်မှာ ရှစ်နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေးနှစ်ဦး ပါသွားတယ်။ ပြန်ပေါ်မလာဘူး။ ကျွန်တော်တစ်ယောက်တည်း လွတ်မြောက်လာတာပါ။ ပြီးတော့ သင်္ဘောသားတချို့ဟာ သင်္ဘောပေါ်မှာ အရက်သေစာ သောက်စားထားကြတဲ့အတွက် အခုလိုမျိုးဖြစ်တာလို့ ဆိုချင်ပါတယ်။ ခရီးသည်တွေက ရေစပြီးဝင်ကတည်းက သင်္ဘောကို ရှေ့ဆက်မသွားဖို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့က ဆက်သွားခဲ့တဲ့အတွက် အခုလိုမျိုးဖြစ်တာပါ။ အခန်းထဲ ပိတ်မိတဲ့ ခရီးသည်တွေ အများကြီးရှိဦးမယ်လို့ ထင်ပါတယ်။ ပြောရရင် ဒီအဖြစ်အပျက်က မျက်စိကနေ မထွက်ပါဘူးဗျာ။ ကျွန်တော်ကတော့ ရေကူးတတ်လို့ အထုပ်ကလေးတစ်ထုပ်ကို ဖက်ပြီး ကူးခပ်ခဲ့ရတယ်”

ကိုကျော်ရင်မောင် (အောင်ဒိုင်ကျေးရွာအုပ်စု)

“သားနှစ်ယောက် ပါသွားတယ်။ ပြန်ပေါ်မလာဘူး။ ကိုးနှစ်တစ်ယောက်၊ ခုနစ်နှစ်တစ်ယောက်ပေါ့။ ပြီးတော့ ဇနီးလည်း ပါသွားတယ်။ အလောင်းကလည်း မတွေ့သေးဘူး။ တွေ့တဲ့ အလောင်းတွေထဲမှာတော့ ကျွန်တော့်ဇနီးလည်း မပါဘူးဖြစ်နေတယ်။ စားဝတ်နေရေး အဆင်ပြေလို့ သားတွေကို ဆွေမျိုးတွေရှိတဲ့ ကျောက်တော်မြို့နယ်ကို ပြန်လာတာပါ။ အခုတော့ ကျွန်တော် တကယ်ရင်ကွဲရပါပြီဗျာ။ သင်္ဘောပေါ်မှာ ခရီးသည် ၃ဝဝ လောက်တောင် ပါမယ်လို့ ထင်ပါတယ်။ လူကများ၊ ကုန်ကများတော့ ကံမကောင်းပါဘူး”

ဦးမောင်တင်ဝင်း(သားနှစ်ဦးအား ရှင်ပြုရန် ကျောက်တော်မြို့နယ်သို့ ပြန်လာသူ)

“အခု ဆွေမျိုးတွေဆီ လာတာဖြစ်ပါတယ်။ သင်္ဘောက ရေတွေဝင်ပြီး ဘယ်ဘက်ကို စောင်းပြီးနစ်သွားတာ။ သင်္ဘောအပေါ်ထပ်က စီးလာတာဖြစ်ပါတယ်။ အဝတ်ထုပ်တစ်ထုပ်နဲ့ ရေကူးခဲ့ရတယ်။ နောက်ဆုံးမှာမှ ဝါးလုံးတစ်လုံးရပြီး မျောက်ချောင်းဆိုတဲ့ ကျွန်းကိုရောက်သွားတာ။ ကူညီကယ်ဆယ်ရေးတွေရောက်တော့ ကျွန်တော်တို့ မျောက်ကြိမ်ရွာကို ရောက်နေပြီ။ အဲဒီအကြောင်းကို ပြောရင်ငိုချင်တယ်”

စစ်တွေမြို့ ရွာကြီးမြောက်ကျေးရွာမှ ၁၅ နှစ်အရွယ် ခိုင်သိန်းအောင်

“ကျွန်မ ဘန်ကောက်ကနေပြန်လာပြီး ကိုယ့်ရွာပြန်တာပါ။ ဇာတိရွာက ရသေ့တောင်မြို့နယ် ကျောက်ဆုံရွာကပါ။ သင်္ဘောက ရုတ်တရက် မြုပ်သွားတာ ဖြစ်ပါတယ်။ တစ်ခုခုကို အက်လို့ မြုပ်သွားတာမဟုတ်ဘဲ ရေဝင်လို့ မြုပ်သွားတာပါ။ သင်္ဘောပေါ်မှာ ကုန်တွေလည်းအများကြီး၊ ခရီးသည်တွေလည်း အများကြီးပါတယ်။ သင်္ဘောနစ်တော့ ခုန်ဆင်းပါတယ်။ ကူးတော့ ညအချိန်မှာ ရေကူးမရတော့ စစ်သားတစ်ယောက်က လာကယ်လို့ အသက်ရှင်တာပါ။ ကမ်းပေါ်ရောက်တော့ လူတွေနည်းနည်းလေးရယ်။ သမီးအနားမှာ ထိုင်နေတဲ့ အဘွားတစ်ဦးကတော့ အခုထိ ရှာမတွေ့သေးဘူး”

မခင်သန်းဌေး (၁၈နှစ်)

“ကျွန်တော်တို့အဖွဲ့က သေတဲ့အထဲမှာ ပေါက်တောမြို့နယ်က အစ်မတစ်ယောက်မှာ ကလေးတစ်ဦး ကျန်ခဲ့တယ်။ ကျွန်တော်တို့က သံတွဲကနေ အလုပ်လုပ်ပြီး ပြန်လာတာ။ ည ၈ နာရီကျော် မှောင်နေတဲ့အချိန်မှာ ရေဝင်လို့ မြုပ်တာဖြစ်ပါတယ်။ သင်္ဘောက ငါးမိနစ် လောက်သာကြာတယ်။ သင်္ဘောရုတ်တရက် စောင်းပြီး နစ်သွားတာဖြစ်တယ်။ သင်္ဘောစောင်းတဲ့အထဲမှာ လူ ၁ဝဝ ကျော်လောက် ပါသွားတယ်။ ကျွန်တော်တို့က သင်္ဘော အပေါ်ထပ်ကနေ ခုန်ဆင်းပြီး ဝါးစည်းတစ်စည်းရလို့ ကူးခပ်တာ တစ်နာရီလောက်ကြာကူးပြီးမှာ မြောက်ကြိမ်ရွာကို ရောက်တယ်။ သင်္ဘောပေါ်မှာတော့ လူ ၃ဝဝ ကျော်လောက် ပါပါမယ်”

ဘူးသီးတောင်မြို့နယ် စေတီတောင်ရွာမှ ကိုအောင်ဆန်းမိုး

Eleven Media Group

0 comments:

Post a Comment