နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့ အနုပညာညီအစ်မနှစ်ယောက် အတူတူတွဲဆိုထားတဲ့ Friend စီးရီးခွေ MTV က မကြာခင် ထွက်ရှိလာတော့မှာပါ။ စီးရီးခွေတုန်းက ပရိသတ်နားထဲမစွဲတဲ့ တေးသီချင်းတွေရှိခဲ့ပေမယ့် အခု MTV မှာ လူငယ်ပရိသတ်ကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံများနဲ့ သရုပ်ဖော်ထားတာတွေ့ရတာမို့ ပရိသတ် အကြိုက်တွေ့မယ့် MTVအခွေ ဖြစ်လာမယ်လို့ ထင်ရပါတယ်။ နန်းသူဇာဟာ မော်ဒယ်လ် သရုပ်ဆောင် လိုင်းကနေမှတဆင့် အဆိုလိုင်းဘက်ကို ကူးပြောင်းလာတဲ့သူတဦးဆိုရင်လည်း မမှားပါဘူး။ ကျောင်းဆရာမ ဝတ်စုံနဲ့ Gold Roast ကော်ဖီမစ်ကြော်ငြာမှာပရိသတ်တွေ နှစ်သက်အားပေးခြင်းခံယူနိုင်ခဲ့သလို တခြား ကြော်ငြာအတော်များများမှာလည်း နုနုငယ်ငယ် ချစ်စဖွယ်အမူအရာတွေနဲ့ တွေ့မြင်ကြရတဲ့ သရုပ်ဆောင်၊ အဆိုရှင် နန်းသူဇာကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။

ဓာတ်ပုံ - စိုင်းဇော် /The Irrawaddy
မေး ။ ။ နန်းသူဇာတို့ ဒီအခွေကAudioထွက်ပြီးဘယ်လောက်ကြာမှ အခု DVDထွက်တာလဲ။
ဖြေ ။ ။ အခွေက တနှစ်ကျော်ကြာမှ အခုDVD ထွက်ဖြစ်တာပါ။
မေး။ ။ နန်းသူဇာက ဒီထဲမှာ ဘယ်နှပုဒ်လောက် သရုပ်ဆောင်ထားတာလဲ။
ဖြေ ။ ။ ညီမကတော့ တော်တော်များပါတယ်။ MTVအဖြစ်ရိုက်ကူးတဲ့ အပုဒ်တွေပါတယ်။ အဲဒီမှာကိုယ်တိုင်ကမဖြစ်မနေသရုပ်ဆောင်ရမယ့် အပုဒ်တွေမှာ ကိုယ်တိုင်လည်းသရုပ်ဆောင်ဖြစ်ရင်းနဲ့ များသွားတယ်။ တခြားပါဝင်တဲ့ သရုပ်ဆောင်တွေက ကိုနေတိုး၊ ကိုကျော်ထွဋ်ဆွေ၊ ကိုဆာမိ၊ ထက်ဘုန်းနိုင် မင်းသမီးတွေမှာ ဆန်းသစ်လ၊ နွယ်ဒါလီထွန်း၊ နန်းခေးမား၊ ခင်နန်းထိုက်တို့ပါမယ်။