Tuesday, July 29, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မူလတန်းကြိုကျောင်းအပါအ၀င် နေအိမ်အလုံး ၁၀၀ ကျော် ပျက်စီး


လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများကို ရှင်းလင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ဇူလိုင် ၂၉ ရက် နံနက်အစောပိုင်းတွင် လေဆင်နှာမောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် မူလတန်းကြိုကျောင်းအပါအဝင် နေအိမ်အလုံး ၁ဝဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါလေဆင်နှာမောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ကွမ်းခြံကုန်းမြို့နယ် အေးမြသာယာကျေးရွာတွင် မူလတန်းကြို ကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်လုံး၊ ကော့ခနိမ်ကျေးရွာတွင် နေအိမ်တစ်လုံး၊ သုံးခွမြို့နယ်၊ တင်းတောင်းချောင်းကျေးရွာတွင် နေအိမ်သုံးလုံး၊ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ် ကွက်တွင် နေအိမ်အလုံး ၃ဝ ၊ မြသီတာရပ်ကွက်ရှိ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းအိမ်ရာဝင်းနေ အိမ်တန်းလျား ရှစ်ခန်းတွဲနှစ်လုံးနှင့် ကားဂိုဒေါင်အဟောင်းနှစ်လုံး၊ လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ၊ ရွှေလင်ပန်းကျေးရွာ နှင့် အမှတ် (၁၉) ရပ်ကွက်တွင် နေအိမ်စုစုပေါင်း ၄၄ လုံး၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းရပ်ကွက်အုပ်စု၊ အင်းပေါက်စုအပိုင်းတွင် နေအိမ် ၂၁ လုံး၊ ဇီးကုန်းရပ်ကွက်၊ မင်္ဂလာဒုံတပ်နယ်အိမ်ရာတွင် နေအိမ်လိုင်းခန်း ၁၅ ခန်း၊ ဓမ္မာရုံတစ်ရုံတို့မှာ အမိုးများလန်ခြင်း၊ ပြိုလဲခြင်းများဖြစ်ပွားခဲ့ပြီး ၎င်းတပ်နယ်ဝင်းအတွင်း သစ်ပင်လဲကျမှုကြောင့် ဓာတ်တိုင် သုံးတိုင် ယိုင်လဲသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်မှုမှာ နံနက် ၆ နာရီဝန်းကျင်ခန့်က စတင်တိုက်ခတ်ခဲ့ပြီး ဘောဂရပ်ကွက်၊ ရွှေနှင်းဆီရပ်ကွက်အတိုင်း ရွေ့လျားတိုက်ခတ်ခဲ့ပြီး တိုက်ခတ်ချိန်မှာ မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့များက ပြောကြားသည်။

လေဆင်နှာမောင်းကြောင့် နေအိမ်ပျက်စီးခဲ့သည့် ဘောဂရပ်ကွက်တွင် နေထိုင်သူ ဦးဝင်းအောင်က“ကျွန်တော်က မနက်စောစောထပြီး ဆိုင်ကယ်ကယ်ရီဆွဲတာ။ ဒီနေ့ ၆ နာရီလောက်လည်းကျရော မည်းမည်းအလုံးကြီး ဝှေ့နေတာတွေ့တော့ အိမ်ကမိန်းမ နဲ့ကလေးတွေကို အိမ်အပြင်ထွက်ဖို့ လှမ်းအော်လိုက်တယ်။ သူတို့လည်း အပြင်ကို ရောက်ရော အိမ်လည်းကုန်ရောပဲ။ တီဗွီတို့ ရေခဲသေတ္တာတို့ပါ ပေ ၃ဝ လောက် အကွာအဝေးထိ လွင့်သွားတယ်။ တိုက်တဲ့အချိန်က ခဏလေးမို့ပဲ။ ကျွန်တော့်ခြေသလုံးမှာလည်း သွပ်ပြားရှသွားတယ်”ဟု ပြောပြသည်။



ဇူလိုင်၂၉ ရက်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများကို ရှင်းလင်းနေစဉ်

ထိုသို့ဖြစ်ပွားစဉ် မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက်နေ ဦးလှိုင်ထွေး (၃၁) နှစ် တွင် ခြေသလုံးပြတ်ရှဒဏ်ရာတစ်ချက်နှင့် ၎င်း၏သမီးဖြစ်သူ မခင်ငြိမ်းစံ (၆) နှစ်တွင် ယာမျက်ခုံးဖူးရောင်ဒဏ်ရာတို့ အသီးသီးရရှိခဲ့ရာ စိုးရိမ်မှုမရှိကြောင်းနှင့် အခြားနေရာများတွင် ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် လေဆင်နှာမောင်းဒဏ်ကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုမှာ ၄၄ အိမ်ထောင်စုရှိကာ ရပ်ကွက်ရုံးတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်ထားပြီး နေရာချထားပေးကြောင်း မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်မင်းက ပြောကြားသည်။

၎င်းက“ပြိုကျသွားတဲ့အိမ်က ခုနစ်လုံးပါ။ တခြားအိမ်တွေက သွပ်မိုးတွေလန်သွားတာတွေ ရှိတယ်။ အိမ်ထောင်စု ၄၄ စုပါ။ဘောဂရပ်ကွက်က ပိုများတယ်။ ရွှေနှင်းဆီရပ်ကွက်ဘက်က နှစ်လုံးသုံးလုံးလောက်ပဲ ပျက်စီးသွားတယ်။ အခု အပျက်အစီးတွေကို တပ်မတော်သားတွေနဲ့အတူ ပြန်ရှင်းနေပါပြီ” ဟု ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေရာသို့ မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်သား ၁၂ဝ ခန့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ပေးခဲ့ကြောင်း သိရသည်။


Eleven Media Group

0 comments:

Post a Comment