Wednesday, September 25, 2013

ရန်ကုန်စည်ပင် နယ်နိမိတ်ပြင်ပ မြို့နယ်များတွင် မြို့မိမြို့ဖကိုယ်စားလှယ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြို့နယ်စည်ပင်သာယာရေး ကော်မတီများ ပေါ်ပေါက်လာမည်

k.25.9.2013.5

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ကော့မှူး-ကွန်းခြံကုန်း ကားလမ်းတွင် လမ်းခင်းနေသည်ကို၂၀၁၂ ခုနှစ်အတွင်းက တွေ့ရစဉ်

''ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်း''အား စက်တင်ဘာ ၁၃ ရက်က ပြုလုပ်သော ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး၊ မြို့တော်ဝန် ဦးလှမြင့်က တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် လေးဦး ဆွေးနွေးမှုများ ပြုလုပ်ပြီး စက်တင်ဘာ ၂၄ ရက် လွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့သည်။

''ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်း''အရ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပ မြို့နယ် ၁၂ ခုတွင် မြို့မိမြို့ဖ ကိုယ်စားလှယ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြို့နယ်စည်ပင် သာယာရေးကော်မတီများ ဖွဲ့စည်းမည့်အချက် ပါဝင်ကြောင်း သိရသည်။

မြို့နယ် စည်ပင်သာယာရေး ကော်မတီများတွင် ဥက္ကဋ္ဌအဖြစ် မြို့မိမြို့ဖများမှ ရွေးချယ်ထားသောပုဂ္ဂိုလ်၊ အဖွဲ့ဝင်များအဖြစ် လူမှုရေး(သို့မဟုတ်) စီးပွားရေး အဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦး၊ သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင် ပညာအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦး၊ မြို့မိမြို့ဖများမှ ကိုယ်စားလှယ်တစ်ဦး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦး၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး တစ်ဦးတို့ ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် အမှုဆောင်အရာရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က တာဝန်ယူ ဆောင်ရွက်မည်ဟု သိရသည်။

''ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ဥပဒေကြမ်း''အား ရေးဆွဲပြီး ပထမအကြိမ် အနေဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးကို ရေးဆွဲတင်ပြခဲ့ပြီး နိုဝင်ဘာ ၅ ရက် တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ကြောင်း၊ ပထမအကြိမ် ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီးမှတစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် တင်ပြခဲ့ရာ အတည်ပြုချက် ရရှိခဲ့ခြင်းကြောင့် တိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း သိရသည်။

မြို့နယ် စည်ပင်သာယာရေး ကော်မတီများ ဖွဲ့စည်းရာ၌ မြို့မိမြို့ဖများမှ ရွေးချယ်ထားသော ပုဂ္ဂိုလ်အား ဥက္ကဋ္ဌဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိများ ပါဝင်ရန် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်မှုဖြင့် ဥပဒေကြမ်းအား အသစ်ရေးဆွဲပြီး လွှတ်တော်သို့ တင်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment