Wednesday, September 25, 2013

အထည်ချုပ် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာသည့် အတွက် လက်ရှိတွင် အထည်ချုပ် စက်ရုံပေါင်း ၂၈၀ ၀န်းကျင် ရှိလာကာ အများစုမှာ ကိုရီးယား နိုင်ငံမှဖြစ်ပြီး စက်ရုံ ၅၀ ကျော်ရှိနေ

8.1.1

ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတစ်ရုံ အတွင်းရှိ လုပ်ငန်းခွင်အား တွေ့ရစဉ်

လက်ရှိ အခြေအနေ၌ မြန်မာနိုင်ငံတွင် အထည်ချုပ် လုပ်ငန်းများ လာရောက်ရင်းနှီး မြှုပ်နှံမှု မြင့်တက်လာပြီး အထည်ချုပ် လုပ်ငန်းများ အရှိန်ရလာသောကြောင့် ပြည်တွင်းတွင် အထည်ချုပ် စက်ရုံပေါင်း ၂၈၀ ၀န်းကျင်အထိ ရှိလာကြောင်းနှင့် ယင်းအနက် တောင်ကိုရီးယား နိုင်ငံမှ လာရောက်ရင်းနှီး မြုပ်နှံမှု အများဆုံးဖြစ်ကာ စက်ရုံ စုစုပေါင်း ၅၀ ကျော် ရှိနေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

မြန်မာနိုင်ငံ စီးပွားရေးအရ ပြန်လည်ပွင့်လန်း လာပြီးနောက် အထည်ချုပ် လုပ်ငန်းများ ပြန်လည် ၀င်ရောက်လာကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်တွင်းတွင် လာရောက် လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံ များပြားလာပြီး တောင်ကိုရီးယားနိုင်ငံ အများဆုံးဖြစ်ပြီး၊ ဂျပန်နိုင်ငံ၊ ဟောင်ကောင်နှင့် ယခုနောက်ပိုင်း တရုတ်နိုင်ငံမှ ၀င်ရောက်မှု များလာကြောင်း၊ အလားတူ အာဆီယံနိုင်ငံ များမှလည်း ၀င်ရောက်မှုရှိကြောင်း သတင်းရရှိသည်။

''အထည်ချုပ် လုပ်ငန်းတွေက ၀င်လာကြပါတယ်။ သူက အရင်းအနှီးကလည်း သိပ်မများတော့လေ။ အခုနောက်ပိုင်း တရုတ်က တော်တော်ဝင်လာတာ တွေ့ရတယ်။ အရင်တုန်းကတော့ ထိုင်ဝမ်များတယ်။ အခြားအာဆီယံ နိုင်ငံတွေလည်း ၀င်လာကြတယ်။'' ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဆိုသည်။

လက်ရှိ အခြေအနေတွင် အထည်ချုပ် လုပ်ငန်းများက Subcontractor အနေနှင့်သာ လုပ်ကိုင်နေရဆဲ ဖြစ်ကြောင်း၊ end buyer နှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မှု မရှိသေးကြောင်း၊ သို့သော် ပြည်ပရင်းနှီး မြှုပ်နှံမှုအတွက် ရာနှုန်းပြည့် နိုင်ငံခြားသား လုပ်ကိုင်ခွင့် (၁၀၀ ရာခိုင်နှုန်း FRC) ပေးထားကြောင်းလည်း သိရသည်။

အထည်ချုပ် လုပ်ငန်းများ ယခုကဲ့သို့ အရှိန်ပြန်ရလာခြင်းသည် ပြည်တွင်းတွင် အလုပ်အကိုင် ရှားပါးမှု ပြဿနာများကို အတိုင်းအတာ တစ်ခုထိ အထောက်အပံ့ ဖြစ်လာမည် ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာအမျိုးသမီး အများစုအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းလာမည် ဖြစ်ကြောင်း။ အဘယ်ကြောင့် ဆိုသော် အထည်ချုပ် လုပ်ငန်းတွင် လုပ်ကိုင်နေသော လုပ်သားများတွင် ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

''ကျွန်မ ဒီအလုပ်ကို မနှစ်ကစပြီး လုပ်ခဲ့တာပါ။ ကျွန်မစ၀င်တုန်းက ဘာမှမတတ်သေးပါဘူး။ အခုတော့ လုပ်ငန်းအတွေ့အကြုံ တစ်နှစ်ကျော်သွားပါပြီ။ လစာကတော့ overtime နဲ့ဆိုရင် တစ်လကို ၇၀၀၀၀ ကျပ်လောက် ရပါတယ်'' ဟု ရွှေပြည်သာရှိ Best Industrial Co., Ltd မှ အထည်ချုပ်လုပ်သား တစ်ဦးက ဆိုသည်။

Eleven Media Group

0 comments:

Post a Comment